
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အာဏာရှင်တပ်က တောင်သူတယောက်ကို ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီလောက်က သာပေါင်းမြို့နယ်၊ ရွှေရင်ပျော်ကျေးရွာအနီးကို အင်အား ၂၀ လောက်နဲ့ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာချိန် တောင်သူတယောက်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဦးသာထူးက လယ်ထဲမှာ အလုပ်လုပ်နေတာ။ သူက တောင်သူပါ။ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်အာဏာရှင်တပ်က ပစ်ခတ်ခဲ့တာ။ ပစ်ခတ်ခံရသူဟာ အဲဒီနေရာမှာပဲ သေဆုံးသွားခဲ့တယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ တောင်သူဟာ အသက် ၄၇ နှစ်လောက်အရွယ် ဦးသာထူး ဖြစ်ပြီး သာပေါင်းမြို့နယ်၊ ရွှေရင်ပျော်ကျေးရွာမှာ နေထိုင်သူဖြစ် ပါတယ်။
အောက်တိုဘာ ပထမအပတ်ကစပြီး သာပေါင်းမြို့နယ်၊ ရွှေရင်ပျော်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ဒေသတွေကို စစ်အာဏာရှင်တပ်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်တာတွေရှိပြီး အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကိုလည်း ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။











