
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Myaing Garuda PDF (ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ဇူလိုင် ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Myaing Garuda PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူ တပ်မ ၁၀၁ ထဲကနေ အင်အား ၆၀၀ လောက်နဲ့ ထွက်လာပြီး ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နဲ့ ၅ ရက်နေ့တွေက ပေါက်အရှေ့ခြမ်းက ထောက်ရှာပင်ရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကြောင်းထဲကနေ ကျန်နေခဲ့တဲ့ ရဲ ၂ ယောက်ကို ဇူလိုင် ၇ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အရှင်ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီကနေ MA2 သေနတ် ၁ လက်၊ MA12 သေနတ် ၁ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၃၀၀ ကျော်နဲ့ တခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
Myaing Garuda PDF တာဝန်ရှိသူတယောက်က “သူတို့ ၂ ယောက်က စစ်ကြောင်းကနေ ကျန်ခဲ့ပြီးတော့ တောထဲမှာ မျက်စိလည်နေရင်း ဖျားနာနေပြီး ငတ်ပြတ်နေလို့ ရွာတရွာက ပြည်သူတယောက်ဆီကနေ ချက်စားဖို့ ဆန်ထွက်တောင်းတာမှာ အဲဒီပြည်သူကလည်း ကြောက်လန့်ပြီး ကျနော်တို့တပ်ဖွဲ့ဆီကို သတင်းလာပို့တာကြောင့် ရှာဖွေပြီး အခုလို ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒီဘက်နယ်မှာ စစ်ကြောင်းတွေ ရှုပ်နေတာနဲ့ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် သူတို့ကို ဖမ်းမိတဲ့အချိန်မှာပဲ အထက်အဖွဲ့ဆီကို တန်းအပ်လိုက်တော့ သူတို့တွေရဲ့ အသေးစိတ် အချက်အလက်တွေကို ပြန်မသိရသေးတာပါ။ ရဲတပ်ရင်း ၁၁ က တပ်သားအဆင့်ရှိသူတွေလို့ပဲ သိထားရသေးတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
အဲဒီ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ထဲက စတင်ကာ ပခုက္ကူ တပ်မ ၁၀၁ ထဲက ထွက်လာပြီး ဇူလိုင်လဆန်းပိုင်းမှာ ပေါက်မြို့နယ်ထဲက ကျေးရွာတရွာကို မီးရှို့ဖို့ ဝင်ရောက်စဥ် တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းတွေကို နင်းမိကာ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပြီး ထွက်ပြေးသွားကြတာကြောင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် စစ်တပ်လက်အောက်ခံတွေ ကျန်ခဲ့တဲ့ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို ဇူလိုင် ၂၇ ရက်အထိ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို စစ်တပ်ရဲ့ လေကြောင်းပစ်ကူတွေကလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










