
မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်အာဏာရှင်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး သြဂုတ် ၂၄ ရက်မှာ စစ်တပ်ရဲ့ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင်နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲအတွင်း ရောက်ရှိနေတဲ့ စစ်ကြောင်းမှူးတယောက်က “အင်အား ၅၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းက တောင်စုံရွာကနေ တောင်ဘက် သိမ်းမင်းခတောင်ဘက်ကို ရအောင်ထွက်လာပြီးတော့ အာဆီယံလမ်းမကြီးကနေ အနောက်ဘက်ကို စစ်ကြောင်း ဆက်ထိုးလာတယ်။ တဲကြီးရွာ အရှေ့ဘက်နားမှာ အခုလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့ ၂ ရက်ဆက် တိုက်ပွဲတွေ ဖြစ်ကြတယ်ပေါ့ဗျာ။ သူတို့ဘက်က ထိခိုက်တာတွေနဲ့ စစ်ကြောင်း ဆက်ထွက်လို့ရအောင် လေကြောင်းပစ်ကူတွေ အလွန်အကျွံသုံးတာပေါ့။ တိုက်ပွဲတွေထဲမှာတော့ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ကျဆုံးတာရှိတယ်။ သူတို့ဘက်ကတော့ ပိုတာပေါ့” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေအပြင် တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ တဲကြီးကျေးရွာကိုပါ သြဂုတ် ၂၄ ရက် တရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ထက်မနည်း ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
တဲကြီးကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်တပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ A-5 BOMBER ဂျက်တိုက်လေယာဉ်က ၂ ကြိမ်၊ မကွေးလေတပ်က ပထမအကြိမ်တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်၊ ဒုတိယအကြိမ်တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်၊ ညောင်ဦးလေတပ်က ပထမအကြိမ်တက်လာတဲ့ Mi35 ရဟတ်ယာဥ်နဲ့ ၃ ကြိမ်၊ ဒုတိယအကြိမ်တက်လာတဲ့ Mi35 ရဟတ်ယာဥ်နဲ့ ၇ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တဲကြီးကျေးရွာက လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အညာတမာ စစ်ဆင်ရေးအတွင်း ပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တယောက်က “အဲဒီ တဲကြီးရွာက စစ်ရှောင်ဇုန်ထဲမှာ ပါနေတော့ ရွာခံပြည်သူတွေ စစ်ရှောင်နေကြတာ ကြာပြီ။ အခု လေကြောင်းတိုက်ခိုက်မှုမှာတော့ ပြည်သူထိခိုက်သူ မရှိဘူးလို့ သိရပေမဲ့ လူနေအိမ်တွေတော့ အတော်လေး ပျက်စီးကုန်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ သြဂုတ် ၂၄ ရက် ညပိုင်းအထိ တဲကြီးကျေးရွာအနီးမှာပဲ ရှိနေပြီး လေကြောင်းတိုက်ခိုက်တာတွေ ထပ်မံပြုလုပ်လာနိုင်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြုကြဖို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။
Photo: ဖိုးတေ











