
မြန်မာ့ပြောင်းကို အဓိကဝယ်ယူနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် CP Group က အဝယ်ရပ်ထားတာကြောင့် ပြည်တွင်းပြောင်းဈေးကွက်မှာ အရောင်းအဝယ် အေးနေတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် CP Group က ဇူလိုင်လတလလုံး ပြောင်းအဝယ်ရပ်နားထားမယ်လို့ အသိပေး ကြေညာထားတာကြောင့် ပြည်တွင်းပြောင်းဈေးကွက်ကို ရိုက်ခတ်မှုရှိတယ်လို့ ဆိုပါတယ်။
ပြောင်းကုန်သည်တယောက်က “ပြီးခဲ့တဲ့လအထိကတော့ ပြောင်းစျေးကွက်က အခြေအနေ ကောင်းနေသေးတယ်။ အခုကကျတော့ အရောင်းအဝယ် အေးနေတာပေါ့။ ဘာလို့ဆို CP Group သူက အဝယ်ရပ်လိုက်တော့ ပြောင်းဈေးကွက်က အေးသွားတယ်။ ဘာလို့ဆို သူက အဓိကဝယ်လက် ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို နှစ်စဉ် ပြောင်းတန်ချိန် ၂ သန်းကျော် တင်ပို့လျက်ရှိပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ ပြောင်းတင်ပို့ကာလအတွင်း အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ အများဆုံး တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
အခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းတန်ချိန် ၁ ဒသမ ၃ သန်းအထိ တင်ပို့ဖို့ လျာထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် ပြောင်းတန်ချိန် ၃ သန်းကျော် ထွက်ရှိပြီး ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ အပါအဝင် နိုင်ငံများစွာကို ပြောင်းတန်ချိန် ၂ သန်းကျော် တင်ပို့လေ့ရှိတယ်လို့ သိရပါတယ်။











