DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၁ သိန်းခွဲခန့်ရှိ  
DVB
·
March 23, 2026
Photo: โจโฉ
Photo: โจโฉ
Donate to DVB

ထိုင်းနိုင်ငံမှာ ဒီ ၂၀၂၆ ခုနှစ်တည်းမှာပဲ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၁၅၀,၀၀၀ နီးပါး ရှိတယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနှစ်ထဲမှာ မူးယစ်မှု ၁၅၀,၀၀၀ နီးပါး တိုးများလာပြီး ဖမ်းဆီးရမိမှုတွေထဲမှာတော့ ၅၄ ရာခိုင်နှုန်းဟာ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးမှုကြောင့် ဖြစ်တယ်။ အဲဒီအမှုတွေမှာ ရောင်းဝယ်မှု၊ သုံးစွဲမှုတွေ ပါဝင်တယ်။

ဒါဟာ မူးယစ်ဆေးနှိမ်နင်းမှုမှာ ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင်မှုကို ပြသပြီး ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အမှတ် ၄ ဒေသ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေးနဲ့ နှိမ်နင်းရေးဌာန ညွှန်မှူး နိုင်းခနစ်ဆွန် ဖားဖီရနွန်းက သတင်းထောက်တွေကို ပြောပါတယ်။

“ဒီ ၂၀၂၆ ခုနှစ်ထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု‌ရော၊ သုံးစွဲမှုပါ ဖမ်းဆီးနှိမ်နင်းခဲ့တာ ၁၄၂,၆၉၉ မှုရှိတယ်။ ဖမ်းမိတဲ့ထဲက အများဆုံးက အိုက်စ်ဆေး အလေးချိန် ၂၀,၀၀၀ ကျော်ပါတယ်။ မူးယစ်ဆေးတရားခံတွေရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၁,၇၃၂ သန်းကို သိမ်းဆည်းခဲ့တယ်၊ ဖမ်းဆီးရမိတာဟာ  တာဝန်သိပြည်သူတွေရဲ့ သတင်းပေးမှုက  ၅၄ ရာခိုင်နှုန်းရှိတယ်။”

ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူတွေ အနေနဲ့လည်း ဒီလို နွေကျောင်းပိတ်ကာလတွေမှာ မိမိသားသမီးတွေ မူးယစ်ဆးဝါးနဲ့ ပတ်သက်ခြင်းမရှိဖို့ ကြပ်မတ်ထိန်းကျောင်းဖို့ လိုအပ်ကြောင်း နိုင်းခနစ်ဆွန် ဖားဖီရနွန်းက ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိရင် အဆိုပါ သတင်းပေးသူ (ပြည်သူ) ဟာ ဖမ်းမိတဲ့ ပမာဏရဲ့  ၅ ရာခိုင်နှုန်းကို ဆုအဖြစ်ရရှိမှာ ဖြစ်ပါတယ်။

ထိုင်းမှာ မူးယစ်ဆေးဖမ်းဆီးရမိမှု အမြဲလိုရှိနေပြီး ခုတပတ်တွင်းမှာလည်း စိတ်ကြွဆေးပြားတွေ သန်းနဲ့ချီ ဖမ်းမိပါသေးတယ်။

အခုတပတ်တွင်း ချင်းရိုင်း၊ လမ်းပန်းနဲ့ ဖရဲ့ ခရိုင်တွေကနေ စိတ်ကြွဆေးပြား ၂၁ သန်းနဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၃၂၀ ကီလိုဂရမ် ဖမ်းဆီးရမိကြာင်း အမှတ် ၅  တိုင်း‌ဒေသရဲချုပ် ကရစ်ထာ ယီ့ဆာခွန်းက မတ် ၂၃ ရက် မနက် ၁၁ နာရီ ဌာနချုပ်ရှေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရရှိတဲ့ ပမာဏတွေဟာ ချင်းရိုင်ခရိုင်၊ ကျိန်းခေါင်မြို့နယ်ထဲက စစ်ဆေးရေးဂိတ်ကို ဖြတ်ပြေးတဲ့ ကားတစီးပေါ်ကနေ စိတ်ကြွဆေးပြား ၇ သန်း၊ လမ်းပန်းခရိုင် ဆွပ်ပလပ်မြို့နယ်က မသင်္ကာဖွယ် ကားတစီးနောက် လိုက်ဖမ်းရင်း ဖမ်းမိတဲ့ အိုက်စ်ဆေး ၃၂၀ ကီလိုဂရမ်၊  ချင်းရိုင်းခရိုင် ဝိန်းချိုင်းမြို့နယ်၊ လမ်းပန်းခရိုင် မဲ့ဖရစ်မြို့နယ်၊ ဖရဲ့ခရိုင် ဆောင်မြို့နယ် စတဲ့ နေရာပေါင်း ၃ ခုမှ  စိတ်ကြွဆေးပြား စုစုပေါင်း ၈ သန်း စတာတွေ ပါဝင်တယ်။

ဒီအမှုတွေကနေ ပါဝင်ပတ်သက်တဲ့ တရားခံ ၁၀ ယောက်နဲ့ ကား ၆ စီးကို ဖမ်းဆီးထားတယ်၊ ဒီမူးယစ်ဆေးဖမ်းဆီးမှုမှာ AI နည်းနဲ့ပါ အသုံးပြုပြီး ထောက်လှမ်းတာကြောင့် တိကျစွာ ဖမ်းမိနိုင်တာဖြစ်တယ်၊ ဆက်ပြီးတော့လည်း ပါဝင်ပတ်သက်နေတဲ့ ကွင်းဆက်တွေ ဆက်လက်စစ်ဆေးနေတယ်လို့ အမှတ် ၅ ရဲဌာနချုပ် ရဲချုပ်က ပြောသွားပါတယ်။

Source: CH7 HD News / JoCho News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013