
အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ ကြီးထွားလာမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် လူသိများ တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ကို အက်ဆစ်နဲ့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ စစ်အရာရှိ ၄ ယောက်ကို စစ်ဘက်တရားရုံးဟာ ဇွန် ၁၀ ရက်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ် လိုက်ပါတယ်။
တရားခံတယောက်ကို ထောင်ဒဏ် ၃ နှစ်၊ ဒုတိယတယောက်ကို ထောင်ဒဏ် ၂ နှစ်ခွဲ၊ တတိယ တယောက်ကို ထောင်ဒဏ် ၂ နှစ်နဲ့ စတုတ္ထမြောက် တရားခံကိုတော့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပထမနဲ့ ဒုတိယ တရားခံ ၂ ယောက်ကို စစ်တပ်ကနေ နာမည်ပျက်စာရင်းသွင်းပြီး ရာထူး ကနေ ထုတ်ပယ်လိုက်တယ်လို့လည်း ဦးဆောင်တရားသူကြီး ဖရက်ဒီဖှာဒီယန်က ပြောပါတယ်။
အဲဒီစစ်အရာရှိ ၄ ယောက်ဟာ 'ကွန်ထရာ အက်စ်' လူ့အခွင့်အရေးအဖွဲ့လို့ လူသိများတဲ့ "ပျောက်ဆုံးနေသူများနှင့် အကြမ်းဖက်ခံရသူများဆိုင်ရာ ကော်မရှင်"ရဲ့ ဒုတိယညှိနှိုင်းရေးမှူး အန်ဒရီ ယူနွတ်စ်ကို ကြိုတင်ကြံစည် တိုက်ခိုက်ခဲ့ပြီး အပြင်းအထန် နာကျင်စေမှု စွဲချက်တွေနဲ့ ပြစ်မှု ထင်ရှားစီရင်ခြင်း ခံခဲ့ရတာပါ။
ဒါ့အပြင် တရားသူကြီး အမ်ဇိုင်နယ်လ် အဘီဒင်က "ဒီအမှုမှာ တရားခံတွေရဲ့ လုပ်ရပ်နောက်ကွယ်မှာ စနစ်တကျနဲ့ အကြီးအကျယ် စီစဉ်ထားတဲ့ ထောက်လှမ်းရေး စစ်ဆင်ရေးတခု ရှိနေသလား၊ မရှိဘူးလား ဆိုတာကိုပါ တရားသူကြီးအဖွဲ့အနေနဲ့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်" လို့ ပြော ပါတယ်။
အစောပိုင်းတုန်းကတော့ အစိုးရရှေ့နေတွေက တရားခံအားလုံးကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Source:Reuters










