
ယူကရိန်းနိုင်ငံအနေနဲ့ ရွေးကောက်ပွဲလုပ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးနေရာမှာ အစားထိုးဖို့ လိုအပ်တယ်လို့ အစောပိုင်းက ပြောခဲ့ပြီးနောက် ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။
အမေရိကန်က ရုရှားဆီက ဒီဇယ်ဝယ်ယူဖို့ သဘောတူညီမှုရပြီးနောက် ဇလန်းစကီးက ပူတင်ကို လက်ဆောင်ပေးတာလို့ ဝေဖန်ခဲ့ပြီးနောက်ရက်မှာ ယူကရိန်းက ရုရှားရေနံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကိုလည်း ထရမ့်ပ်က ရှုတ်ချထားပါတယ်။ ဒါ့အပြင် ယူကရိန်းနိုင်ငံက ခေါင်းဆောင်သစ် လိုအပ်နေပြီဖြစ်ကြောင်းနဲ့ သဘောတူညီချက်လုပ်နိုင်တဲ့ ခေါင်းဆောင်တယောက်ကို ရွေးချယ်သင့်တဲ့အကြောင်း ထရမ့်ပ်က ပြောပါတယ်။
ယူကရိန်းဟာ ရုရှားက ကျူးကျော်စစ်ဆင်နွှဲတဲ့ ၂၀၂၂ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားသလို ရွေးကောက်ပွဲလုပ်ဖို့ ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စစ်ပွဲဆင်နွှဲခဲ့တာကြောင့် ကမ္ဘာ့စွမ်းအင် ၅ ပုံ ၁ ပုံ စီးဆင်းနေတဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာရေးအခက်အခဲဖြစ်ပြီး ရေနံဈေးနှုန်းတွေ တက်လာတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ ဒီဇယ်အဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ယူကရိန်းက စွမ်းအင် အဆောက်အအုံတွေ တိုက်ခိုက်တာက ကမ္ဘာ့စွမ်းအင်သုံးစွဲမှုကို ထိခိုက်နိုင်တယ်လို့လည်းထရမ့်ပ်က ပြောပါတယ်။
“ရုရှားကို ကြိုက်တာလုပ်လို့ရတယ်။ ဒါပေမဲ့ ရေနံစက်ရုံတွေကို မတိုက်နဲ့လို့ ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကမ္ဘာ့လောင်စာပြဿနာဖြစ်လို့ပါပဲ။ ဇလန်းစကီးဟာ သဘောတူညီချက်တွေ အများကြီးလုပ်လို့ရပေမဲ့ သူမလုပ်ခဲ့ပါဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။











