
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ်ထဲက စညှင်းရွာအပါအဝင် အနီးအနား ရွာတွေမှာ နှစ်ပေါင်း ၄၀ အတွင်း စံချိန်တင် ရေကြီးပြီးနောက် ဩဂုတ် ၁၅ ရက် ဒီနေ့အချိန်ထိ ဘာအကူညီ မှမရသေးတာကြောင့် ဒေသခံပြည်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရ တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
သြဂုတ် ၆ ရက် မနက်ပိုင်းက မိုးတွေ အဆက်မပြတ် ရွာတာကြောင့် ရေတွေက အာရှလမ်းမကြီးကို ကျော်ပြီး ရွာထဲထိ ၅ ပေကျော် တက်လာခဲ့တာဖြစ်ပြီး မိုးတွေ ဆက်တိုက်ရွာကာ တောင်ပြိုလို့ လမ်းပိုင်းမှာ ပြတ်တောက်သွားပါတယ်။
လက်ရှိမှာ ရေကျသွားပေမဲ့လည်း ရေဘေး ကြုံခဲ့ရတဲ့ ပြည်သူတွေမှာ အစိုးရအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ NGO၊ INGO တွေအပါအဝင် ဘယ်ကမှ ထောက်ပံ့မှုတွေ ရောက်မလာသေးဘူးလို့ သံဃာတော် တပါးက မိန့်ကြားပါတယ်။
"ကိုယ်တော် ဒီရွာ ရောက်တာ ၉ နှစ်ရှိပြီ။ ဒီ ၉ နှစ်အတွင်းမှာရော၊ ဒေသခံ အသက်ကြီးပိုင်းတွေကို မေးကြည့်တော့လည်း နှစ်ပေါင်း ၄၀ အတွင်းမှာ ဒီလို ရေကြီးတာမျိုး တခါမှ မကြုံဖူးကြဘူးလို့ ပြောပါတယ်။ အာရှလမ်းမကြီးကို ကျော်ပြီး ရွာထဲ ရေ ၅ ပေကျော်ထိ တက်လာတာပါ။ ကားလမ်းတွေ ပြတ်တောက်ကုန်တာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ULA/AA အနေနဲ့လည်း ကူညီကယ်ဆယ်ရေးတွေ မပေးနိုင်တာလားလို့ စဉ်းစားမိပါတယ်။”
ရေကြီးမှုကြောင့် စညှင်းရွာ အပါအဝင် အနီးအနားက တောင်စိုင်းကမ်း၊ အင်ကြင်း၊ ဟင်းခွာရွာ စတဲ့ ရွာ ၄ ရွာထက်မနည်း ရေမြုပ် ပျက်စီးခဲ့ရပြီးလမ်းတွေ ပြတ်နေတာကြောင့် တခြားရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စညှင်းရွာမှာတင် လယ် ၇၂ ဧကခန့် ရေမြုပ် ပျက်စီးသွားတဲ့အပြင် စပါးကျီတွေပါ ရေဝင်ကုန်တာပါ။ ဒါ့အပြင် အိမ်တွေက ထမင်းချက်အိုးတွေ၊ ပန်းကန်တွေနဲ့ ဖိနပ်တွေပါ ရေနဲ့ မျောပါသွားလို့ စားသောက်ဖို့အတွက် အလှည့်ကျ ချက်ပြုတ်နေကြရသလို ဖိနပ်မပါဘဲ လမ်းလျှောက်သွား နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရခိုင်ပြည်နယ်တဝန်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စံချိန်တင် ရေကြီးရေလျှံခဲ့ပြီး လယ်ယာမြေ အမြောက်အမြားပျက်စီးကာ ပြည်သူသောင်းချီ ရေဘေးဒဏ် ခံခဲ့ရပါသေးတယ်။
ရေဘေးသင့် ဒေသခံအမျိုးသမီးတယောက်က "ထမင်းချက်တဲ့ အိုးတွေ၊ ခွက်တွေ ရေနဲ့ မျောပါသွားလို့ စားဖို့အတွက် အရမ်းအခက်တွေ့နေရတယ်။ ထမင်းချက်ထားတဲ့ အိုးကို တခြားအရာထဲ ပြောင်းထည့်ပြီးမှ နောက်ထပ် အသီးအရွက်နဲ့အသားငါးဟင်းတွေကို အလှည့်ကျ ပြန်ချက်စားနေကြရတယ်။ ဖိနပ်တွေလည်း ပါသွားတော့ လူတွေမှာ ဖိနပ်တောင် မပါဘဲ လမ်းလျှောက်နေကြရတယ်"လို့ DVB ကို ပြောပါတယ်။
ရေကြီးပြီးနောက် သီတင်းတပတ်ကျော်ကြာတဲ့အထိ အကူအညီမဲ့နေတဲ့ ဒေသခံတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ထမင်းချက် အိုးခွက်ပန်းကန်၊ ဖိနပ်နဲ့ လယ်ပြန်စိုက်ဖို့ မျိုးစေ့တွေ အမြန်ဆုံး အကူအညီ လိုအပ်နေပါတယ်။
လက်ရှိမှာတော့ ရွာထဲက အိမ်ခြေ ပျောက်ဆုံးမှု စာရင်းနဲ့ စပါးဆုံးရှုံးမှု အတိအကျကိုတော့ မသိရသေးပါဘူး။











