
လက်ဘနွန်နိုင်ငံမှာ လူဦးရေ တသန်းကျော်က အကျပ်အတည်းအဆင့် ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံလောက်မှု ဒါမှမဟုတ် အဲဒီထက် ပိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရလို့ ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းမှာ ဒီလူဦးရေဟာ ၁ ဒသမ ၁၅ သန်းအထိ ရောက်လာနိုင်တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ကုလသမဂ္ဂ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်ခ်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ လက်ဘနွန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန က လုပ်ခဲ့တဲ့ ခွဲခြမ်းစိတ်ဖြာချက်တခုကို ကိုးကားဖော်ပြခဲ့တာပါ။
၂၀၂၆ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း လူဦးရေ ၁ ဒသမ ၀၅ သန်း ဒါမှမဟုတ် လေ့လာဆန်းစစ်ခံရတဲ့ လူဦးရေရဲ့ ၂၁ ရာခိုင်နှုန်းဟာ အကျပ်အတည်းကာလ ဒါမှမဟုတ် ဒီ့ထက်ပိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းချက်တွေက ဖော်ပြထားပါတယ်။
သူတို့အထဲက အယောက် ၅၂,၀၀၀ လောက်ဟာ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်ရမယ်လို့လည်း ခန့်မှန်းချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းမှာ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရသူဦးရေက နှစ်ဆနီးပါး တိုးလာ နိုင်ပြီး အယောက် ၉၇,၀၀၀ အထိ ရှိလာနိုင်တယ်လို့လည်း ဖာဟန်ဟက်ခ်က ဆိုပါတယ်။
အက်ကာနဲ့ ဘာလ်ဘက်-ဟာမဲလ် အပါအဝင် လက်ဘနွန်နိုင်ငံတောင်ပိုင်းက ပဋိပက္ခဒဏ်ခံရတဲ့ ခရိုင်တွေ၊ ထိခိုက်လွယ်တဲ့ ဒေသတွေမှာ အခြေအနေက အလွန်စိုးရိမ်စရာ ကောင်းနေဆဲလို့လည်း ဖာဟန်ဟက်ခ်က ပြောပါတယ်။
မလုံခြုံမှု၊ စီးပွားရေးဖိအားတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အားနည်းလာတာတွေ ဆက်ဖြစ်နေချိန်မှာ စိုက်ပျိုးမြေတွေ ပျက်စီးတာ၊ စိုက်ပျိုးမြေတွေဆီ ဝင်ရောက်လုပ်ကိုင်ခွင့် ကန့်သတ်ခံရတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်တာနဲ့ ထုတ်လုပ်မှုစရိတ် မြင့်မားတာတွေဟာ ကျေးလက်နေ ပြည်သူတွေရဲ့ ဝင်ငွေနဲ့ စားနပ်ရိက္ခာ ရရှိနိုင်မှုကို ထိခိုက်နေတယ်လို့လည်း သူက ပြောပါတယ်။
Source: Reuters











