
အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို စက်တင်ဘာ ၆ ရက် မနက်မိုးသောက်ချိန်ကစပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြပါတယ်။
တိုက်ခိုက်မှုတွေက နာဘာတီယာ၊ အာရပ်ဘ် ဆလင်းမ်၊ နာဘာ တီယာ အယ်လ်ဖော်ကာနဲ့ ကေဖှာ ရောင်မာနီ ဒေသတွေကို ထိမှန်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
စက်တင်ဘာ ၇ ရက်မှာ အစ္စရေးက တိုက်ခိုက်ပြီးတဲ့နောက် လက်ဘနွန်တောင်ပိုင်းက ရွာတွေ မြို့တွေကနေ မီးခိုးတွေ ထွက်လာခဲ့ပြီး မာဂျာယွန်းကနေမြင်ရတဲ့ ရုပ်သံကို လက်ဘနွန် အမျိုးသားသတင်းဌာန (NNA) က ထုတ်လွှင့်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာတို့အကြား ဇွန်လမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရခဲ့ပေမဲ့ အစ္စရေးက မကြာသေးမီကာလတွေအတွင်း လက်ဘနွန် တောင်ပိုင်းကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မတ် ၂ ရက်မှာ ဟစ်ဇ်ဘိုလာတွေက အစ္စရေးနိုင်ငံဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့ နောက်ပိုင်း အစ္စရေးက လက်ဘနွန်နိုင်ငံအပေါ် တိုက်ခိုက်လို့ လူပေါင်း ၄,၃၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံအပေါ် တကျော့ပြန် စတင်တိုက်ခိုက်အပြီး နှစ်ရက်အကြာမှာ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေ ပေါ်ပေါက်လာတာပါ။
အပစ်အခတ်ရပ်စဲရေးကြောင့် အကြမ်းဖက်မှုတွေ သိသိသာသာ လျော့ကျသွားပေမဲ့ တောင်ပိုင်း လက်ဘနွန်ဒေသတွေကို သိမ်းပိုက်ထားတဲ့ အစ္စရေးတပ်ဖွဲ့တွေက ကိုယ်ပိုင်လုံခြုံရေးဇုန်အဖြစ် ကြေညာထားတဲ့ ရွာတွေကို ဆက်ပြီး ဖျက်ဆီးနေဆဲလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အစ္စရေးစစ်တပ်က ဇုန်အတွင်းနဲ့ မြောက်ဘက်မှာ ဆက်လက်တိုက်ခိုက်နေပြီး အများစုက ဘေးလွတ်ရာဆီ ရွှေ့ဖို့ သတိမပေးဘဲ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Source: Reuters











