
ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု အကြီးအကဲ ယွန်ပီယဲလာခရွားဟာ လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကြားဖြတ်တပ်ဖွဲ့ (UNIFIL) ကို လျှော့ချရေးနဲ့ မစ်ရှင်သက်တမ်း ကုန်ဆုံးသွားပြီးနောက် လက်ဘနွန်နိုင်ငံရဲ့ လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးဖို့ အောက်တိုဘာ ၁၃ ရက်က ဘေရွတ်မြို့ကို ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောပါတယ်။
လာခရွားရဲ့ အစီအစဉ်ထဲမှာ သမ္မတ ဂျိုးဇက်ဖ်အောင်းန်၊ လွှတ်တော်ဥက္ကဋ္ဌ နာဘီဘယ်ရီ၊ ဝန်ကြီးချုပ် နာဝါ့ဖ် ဆာလမ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ရိုဒေါ့လ်ဖ် ဟိုင်ကယ်တို့အပြင် ဘေရွတ်မှာ ရှိတဲ့ သံတမန် အသိုက်အဝန်းက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ပါဝင်ပါတယ်။
ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အကောင်အထည်ဖော်ရေး၊ တပ်ဖွဲ့ လျှော့ချရေးအတွက် ပြင်ဆင်နေတဲ့ UNIFIL ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ဒီဇင်ဘာ ၃၁ ရက် နောက်ပိုင်း မစ်ရှင်သက်တမ်း ကုန်ဆုံးသွားချိန်မှာ ဖြစ်လာမဲ့ လက်ဘနွန်ရဲ့ အနာဂတ် အလားအလာ တွေကို အဓိကထား ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂရဲ့ လုပ်ပိုင်ခွင့် အောက်မှာ နိုင်ငံတကာတပ်ဖွဲ့တွေ ဆက်ရှိနေဖို့အတွက် ရွေးချယ်စရာတွေကို တင်ပြခဲ့ပေမဲ့ ကုလလုံခြုံရေး ကောင်စီမှာ ဘာမှ ဆောင်ရွက်ရသေးဘူးလို့ ဒူဂျာရစ်က ပြောပါတယ်။
ဥရောပနိုင်ငံတွေဘက်က အစီအစဉ်တခု တင်ပြထားတယ် ဆိုတဲ့အပေါ် သတင်းထောက်တွေက မေးမြန်းခဲ့ပေမဲ့ ဒူဂျာရစ်ရဲ့ အဖြေအရ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်းအတွက် ကုလသမဂ္ဂဆီ ဘာအစီအစဉ်မှ ရောက်ရှိ အကြောင်းကြားထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ထူးခြားပြောင်းလဲမှု မရှိဘူးဆိုရင်တော့ ဇန်နဝါရီ ၁ ရက်ရောက်ရင် UNIFIL တပ်ဖွဲ့ လျှော့ချရေးနဲ့ မစ်ရှင်ပိတ်သိမ်း/ဖျက်သိမ်းရေး အဆင့်ကို တိုက်ရိုက်ရောက်သွားမယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီ ၁ ရက်ရောက်တာနဲ့ အခြေအနေတွေက အလိုလို အဆင်ပြေသွားမှာ မဟုတ်ဘဲ ဆက်လက် ပြီး အလွန်အန္တရာယ်များ ကောင်းများနိုင်တယ်လို့ ဒူဂျာရစ်က သတိပေးခဲ့ပါတယ်။
ဒါကြောင့် လက်ဘနွန်တောင်ပိုင်းက ပြည်သူတွေကို အကျိုးပြုစေပြီးတော့ အလားတူ အစ္စရေး နိုင်ငံမြောက်ပိုင်းက ဒေသခံတွေလည်း အိမ်ပြန်နိုင်စေမဲ့ အစီအစဉ်တခုကို နိုင်ငံတကာ အသိုက်အဝန်းက သဘောတူ ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
Source:Reuters











