
အစ္စရေးက လက်ဘနွန်တောင်ပိုင်းက မြို့ရွာတွေ အတော်များများကို ညလုံးပေါက် အပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့လို့ လူ ၁၁ ယောက်ထက်မနည်းသေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
စနေနေ့မနက်အစောပိုင်းမှာ နာဘာတီယာခရိုင်က အန်ဆာနဲ့ ဒီယာအဇ်-ဇာရာနီ ရွာတို့ကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။
အန်ဆာရွာမှာ ကလေး ၃ ယောက်အပါအဝင် ၇ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒီယာအဇ်-ဇာရာနီမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ၄ ယောက် သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြပါတယ်။
သြဂုတ် ၁၅ ရက်မှာ လက်ဘနွန်တောင်ပိုင်း အန်ဆာရွာမှာ အပျက်အစီးတွေ ပြန့်ကျဲနေတယ်လို့ လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။
ဒါဟာ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးမူဘောင်ကို သဘောတူညီပြီးတဲ့နောက်ပိုင်း သီတင်းပတ်တွေအတွင်း လက်ဘနွန်အပေါ် အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေထဲက တခု ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး မူဘောင်ထဲမှာ ဟစ်ဇ်ဘိုလာတွေကို လက်နက်ဖြုတ်သိမ်းပြီး လက်ဘနွန်စစ်တပ်က ထိန်းချုပ်တဲ့အထိ အစ္စရေးတပ်တွေက သူတို့သိမ်းပိုက်ထားတဲ့ လက်ဘနွန်တောင်ပိုင်း မှာရှိနေစေဖို့ စည်းကမ်းချက်တွေကို ထားထားပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာက စည်းကမ်းချက်တွေကို လက်နက်ချခြင်းအဖြစ် သတ်မှတ် ပယ်ချခဲ့ပါတယ်။
မူဘောင်သဘောတူညီချက်ဟာ လက်ဘနွန်အာဏာပိုင်တွေက လက်မှတ်ရေးထိုးထားတဲ့ အစ္စရေးမင်နဲ့ ရေးထားတဲ့ အစ္စရေးအမိန့်တခုပဲလို့ ဟစ်ဇ်ဘိုလာအကြီးအကဲ နိမ်းကာဆမ်က သြဂုတ် ၁၄ ရက်မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။
ကြေညာချက်တခုထဲမှာ အစ္စရေးစစ်သားတွေအပေါ် လုပ်ဆောင်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်တောင်ပိုင်းက လုံခြုံရေးဇုန်အဖြစ် ဖော်ပြထားတဲ့ ဟစ်ဇ်ဘိုလာတွေရဲ့ အခြေခံအဆောက်အအုံကို ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
Source: Reuters











