
ချင်းပြည်နယ်၊ လောက်တူဒေသမှာ တရားမဝင် ငွေကြေးဆိုင်ရာအမြတ်ထုတ်မှုတွေ အမြစ်ပြတ် တိုက်ဖျက်ဖို့အတွက် ငွေတိုးငွေချေးလုပ်ငန်းတွေ လုံးဝ ပိတ်ပင်လိုက်ကြောင်း လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံ ဒေသန္တရအစိုးရက အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၀ ရက်က ကျင်းပခဲ့တဲ့ လစဉ်ပုံမှန်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်နဲ့အညီ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး လောက်တူဒေသ အက်ဥပဒေ ပုဒ်မ ၃၈ (ဃ) ပါ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ပိတ်ပင်တားမြစ်ထားတဲ့လုပ်ငန်းတွေထဲမှာ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုချက်မရှိဘဲ ငွေချေးသူတွေဆီကနေ အတိုးအမြတ် ရယူနေတဲ့ လုပ်ငန်းတွေလို့ ဆိုပြီး တဦးချင်း၊ အဖွဲ့အစည်း၊ ကြားခံတွေ ဒါမှမဟုတ် အွန်လိုင်းကနေတဆင့် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
နေ့တိုး၊ ပတ်တိုး၊ လတိုးနဲ့ တခြားအမည်အမျိုးမျိုးနဲ့ လုပ်ကိုင်နေတဲ့ ငွေတိုး ငွေချေးလုပ်ငန်း အားလုံးကိုလည်း လုံးဝ တားမြစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
တခြားသူတွေရဲ့ နာမည်၊ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းအမည်တွေကို အသုံးချပြီး ဆက်လက် လုပ်ကိုင်တာနဲ့ ကြားခံဆောင်ရွက်ပေးတာတွေကိုလည်း ခွင့်မပြုကြောင်း ငွေချေးယူသူတွေရဲ့ စီးပွားရေးအကျပ်အတည်းကို အခွင့်ကောင်းယူပြီး အတိုးနှုန်း အလွန်အကျွံ တောင်းခံတာတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတာလို့ ဆိုပါတယ်။
အတိုးပေါ်အတိုးဆင့် တက်တွက်တာနဲ့ အကြွေးပမာဏကို မမှန်မကန် မြှင့်တင်တာတွေကိုလည်း ပြုလုပ်ခွင့်မရှိကြောင်း၊ ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာနဲ့ အရှက်ခွဲတာတွေကိုလည်း တားမြစ်ထားပြီး ပစ္စည်းဥစ္စာတွေကို ဥပဒေမဲ့ သိမ်းယူတာတွေကိုပါ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါအမိန့်ဟာ အောက်တိုဘာ ၂၆ ရက်မှာ စတင်အာဏာသက်ရောက်ပြီး လောက်တူဒေသ တခုလုံး အတည်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်နေတဲ့ ကြွေးမြီတွေနဲ့ ပတ်သက်လို့ အမိန့်အာဏာ စတင်သက်ရောက်တာနဲ့ လုပ်ငန်းတွေ ချက်ချင်း ရပ်ဆိုင်းရမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
အမိန့်မထုတ်ပြန်မီက ဖြစ်ပေါ်ခဲ့တဲ့ ကြွေးမြီတွေကို ဥပဒေနဲ့အညီ စိစစ်ဖြေရှင်းရမှာဖြစ်ပြီး ငွေချေးပေးသူ ဒါမှဟုတ် ငွေချေးယူသူရဲ့ တရားဝင် အခွင့်အရေးတွေကို အလိုအလျောက် ပယ်ဖျက်ခြင်း မပြုရဘူးလို့ ဆိုပါတယ်။
စိစစ်ရာမှာ နှစ်ဖက်သဘောတူညီချက်၊ ငွေကြေးမှတ်တမ်းနဲ့ သက်သေအထောက်အထားတွေပေါ် အခြေခံကာ မျှတစွာ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမိန့်ကို ဖောက်ဖျက်ပါက စီမံခန့်ခွဲရေးပြစ်ဒဏ်အရ လုပ်ငန်းရပ်ဆိုင်းစေတာနဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ဖောက်ဖျက်မှုတွေ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒါမှမဟုတ် ဒေသတရားရေးအဖွဲ့ကို တိုင်ကြားနိုင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။











