
ရန်ကုန်၊ အင်းစိန်မြို့နယ်နဲ့ လှိုင်သာယာကို ဆက်သွယ်ထားတဲ့ အောင်ဇေယျကြိုးတံတားပေါ်ကနေ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက အမျိုးသားတယောက် ခုန်ချသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သက်လတ်ပိုင်းအရွယ် အမျိုးသားဟာ မိသားစုနဲ့အတူ ကားနဲ့လာရင်း အောင်ဇေယျတံတားပေါ် အရောက်မှာ ကားကိုရပ်ခိုင်းပြီး တံတားပေါ်ကနေ ခုန်ချသွားတာလို့ ကမ်းနားအလယ်ရပ်ကွက်နေသူ တယောက်က DVB ကို ပြောပါတယ်။
“ခုန်ချသွားတဲ့ကိုကြီးက ရွာမအနောက်ရပ်ကွက်မှာ နေတာ၊ အရက်ဖြတ်ထားတာ မကြာသေးဘူး။ သူ့မိသားစုနဲ့သွားရင်း တံတားပေါ်က ခုန်ချသွားတာ။ ၉ ရက်နေ့ကလည်း ကောင်လေးတယောက် ခုန်ချသေးတယ်။ ပရဟိတအဖွဲ့ ကယ်လိုက်လို့ မသေဘူး” လို့ ပြောပါတယ်။
ရေထဲခုန်ချသွားတဲ့ အမျိုးသားကို မနေ့မွန်းလွဲ ၂ နာရီကတည်းက ပရဟိတအဖွဲ့၊ မီးသတ်နဲ့ကြက်ခြေနီအဖွဲ့တွေက ရှာဖွေနေပေမဲ့ ဒီကနေ့မနက်အထိ မတွေ့ဘူးလို့ Non CDM ဝန်ထမ်းတယောက်က DVB ကိုပြောပါတယ်။
“မနေ့ကတည်းက အကုန်လုံးဝိုင်း ကူညီပြီးရှာပေးနေတာ အခုထိ မတွေ့သေးဘူး။ ဖြစ်တဲ့အချိန် မိုးကလည်းရွာ ရေကလည်း တက်နေတဲ့အချိန်ဆိုတော့ ရှာရတာခက်တယ်။ မီးသတ်တပ်ဖွဲ့ကတော့ ရှာနေတုန်းပဲ။”
ကမ်းနားအလယ်ရပ်ကွက် နေသူတွေရဲ့ ပြောဆိုချက်အရ စက်တင်ဘာ ၉ ရက်ကလည်း အောင်ဇေယျကြိုးတားပေါ်က ဆယ်ကျော်သက်အရွယ် လူငယ်တယောက် ခုန်ချခဲ့ပြီး ပရဟိတအဖွဲ့က ကယ်ဆယ်ခဲ့လို့ အသက်မသေခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်ကလည်း အောင်ဇေယျကြိုးတံတားပေါ်က အမျိုးသားတယောက် ခုန်ချခဲ့ပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။











