
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ မိဘသဘောမတူတဲ့ ချစ်သူ ၂ ယောက် အတူတူ သေဆုံးဖို့ ကြံရွယ်ပြီး ရေတံခွန်တွင်းနက်ထဲ ခုန်ချရာမှာ အမျိုးသားဖြစ်သူ သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၆ ရက် ညနေပိုင်းက ဖုပ်ဖရမြို့နယ်၊ ဆီရီရတ့်ကျေးရွာအုပ်စုရှိ ပါဝိုင်ရေတံခွန်နားမှာ တွင်းထဲ ခုန်ချသွားသူရှိကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖုပ်ဖရမြို့နယ်ရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အင်တာနက်လိုင်းတောင် မရတဲ့ တောနက်ထဲမှာဖြစ်ပြီး ရေတွေ စီးဆင်းနေတဲ့ တွင်းဝနားမှာ အသက် ၂၀ ရွယ် မိန်းကလေးတယောက် ထိုင်ပြီးငိုကြွေးနေတယ်။ တာဝန်ရှိသူတွေက မိန်းကလေးကို ချော့မော့ပြီး ဘေးလွတ်ရာသို့ ခေါ်ဆောင်ထားကာ တွင်းထဲကျသွားသူကို ဆယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။
အဆိုပါတွင်းမှာ ရေတံခွန်အနီးကရေတွေ စီးကျနေတဲ့ တွင်းနက်ကြီးတခုဖြစ်ပြီး အကျယ် ၃ မီတာနဲ့ အနက် ၄၀ မီတာ (ပေပေါင်း ၁၃၀ ခန့်) ရှိတယ်၊ ရေတွေ မပြတ်စီးဆင်းနေလို့ ခဲယဉ်းစွာဆင်းပြီး ကယ်တင်ရတယ်၊ ဒါပေမဲ့ အဆိုပါလူငယ်မှာ ခြေထောက်နဲ့ လက်တွေ ကျိုးကျေနေပြီး အသက်လည်း မရှိတော့ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့က သူ့အလောင်းကို ထုပ်ပိုးပြီး ကြိုးနဲ့အပေါ်ကို ဆွဲတင်လာခဲ့ကြပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူမှာ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းကနုတ်ဖွဏ်း ဖြစ်ပြီး ငိုကြွေးနေတဲ့ မိန်းကလေးရဲ့ ချစ်သူဖြစ်တယ်။ သူဟာ ရဲဘော်ဟောင်းတယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄ လက ဘန်ကောက်မှာ အလုပ်သွားလုပ်တယ်။ ဒီမတိုင်ခင်ရှေ့ကတော့ ရွာကိုပြန်လာပြီး ချစ်သူ မိန်းကလေးနဲ့ လက်ထပ်ဖို့ လူကြီးစုံရာနဲ့ သွားရောက်တောင်းရမ်းခဲ့တယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေဘက်က သဘောမတူဘူး၊ သူတို့ဟာ (ရှဲ့)မျိုးရိုးချင်း တူနေတယ်၊ “မုန့်” တိုင်းရင်းသား ဓလေ့ထုံးစံနဲ့ မကိုက်ညီတာကြောင့် မပေးစားနိုင်ဘူးလို့ ပြောပါတယ်။
ဒါကြောင့် ချစ်သူ ၂ ယောက် အတူတူသေကြမယ်လို့ ဆုံးဖြတ်ပြီး ရွာနဲ့ ၃ ကီလိုကျော်ဝေးတဲ့ တောနက် ရေတံခွန်နားက တွင်းဆီကို သွားခဲ့တယ်။ တွင်းဝရောက်တော့ လူရွယ်က အရင်ခုန်ချ လိုက်တယ်၊ မိန်းကလေးက အလွန်ထိတ်လန့်သွားပြီး မခုန်ဆင်းရဲတော့ဘူး၊ ဒါကြောင့် ရွာကို အပြေးပြန်ပြီး လူကြီးတွေကို အကြောင်းကြားလိုက်တယ်၊ ရွာသားနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတော့ လူရွယ်ရဲ့ အသက်ကို မမီတော့ဘဲ အလောင်းအဖြစ်သာ ဆယ်ယူရရှိခဲ့ပါတယ်။
တာဝန်ရှိသူတွေက လူရွယ်ရဲ့ အလောင်းအား စစ်ဆေးဖို့ ဖုပ်ဖရဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
Source: TNEWS / Maesod FM 103.75 MHz











