
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးမြို့မှာ ပင်လယ်လှိုင်းဒဏ်နဲ့ ကမ်းခြေမြေပြိုမှုတွေကြောင့် စက်တင်ဘာ ၈ ရက်က ကမ်းရိုးတန်းတလျှောက်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
သတင်းတွေမှာ ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး နီကိုလတ်စ် ကေ့ချ်ရဲ့ နေအိမ်လို့ ဖော်ပြထားတဲ့ ပင်လယ်ဘေးက အိမ်တအိမ်မှာ မြေကျင်းကြီး ဖြစ်သွားခဲ့ပါတယ်။
ဒီမြေကျင်းကြီးဟာ အနီးအနားက အိမ်တွေနဲ့ မြို့ခံတွေအတွက် အတော်လေး အန္တရာယ်ရှိနေတယ်လို့ မြို့နယ် အရေးပေါ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မီးသတ်အရာရှိတွေက အိမ်ပေါင်း ၃၁ လုံးကို အနီရောင်တံဆိပ် ကပ်လိုက်ပြီး ဒါဟာ အဆောက်အအုံ ပျက်စီးမှု ဒါမှမဟုတ် တခြားအန္တရာယ်တွေကြောင့် လူနေထိုင်ဖို့ မသင့်တော်ကြောင်း သတ်မှတ်လိုက်တာပါ။ ထိခိုက်သွားတဲ့ ဧရိယာတွေမှာလည်း ဓာတ်ငွေ့လိုင်းတွေကို ပိတ်ပစ်လိုက်ရပါတယ်။
ပြီးခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မာရီနဲ့ ရှေ့ဆက်လာမဲ့ အယ်လ်နီညို ရာသီဥတုကြောင့် မိုးရွာပြီး ဒီရေ တက်လာရင် အခြေအနေတွေ ပိုဆိုးသွားနိုင်တယ်လို့ မီးသတ်၊ ရဲနဲ့ အရေးပေါ်ကူညီရေးဌာနတွေက သတိပေးထားပါတယ်။
NOAA ရဲ့ ရာသီဥတု ခန့်မှန်းရေးစင်တာအရ အယ်လ်နီညို ရာသီဥတုပုံစံဟာ ပိုမိုအားကောင်းလာနေပြီး အလွန်ပြင်းထန်တဲ့ အခြေအနေဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းကျော် သေချာနေပါတယ်။
ဒါဟာ လာမဲ့ ဆောင်းရာသီမှာ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအတွက် ပင်လယ်ရေချိန် စံချိန်တင်မြင့်တက်တာ၊ ပြင်းထန်တဲ့ ကမ်းရိုးတန်း ရေကြီးတာနဲ့ ကမ်းခြေမြေဧရိယာ ကျဉ်းမြောင်းသွားတာမျိုးတွေ ဖြစ်လာနိုင်ခြေ အလွန်များနေပါတယ်။
Source: Reuters











