
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်-ဆိုင်းဟာလမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြေပြိုကျပြီး ရခိုင်ပြည်နယ်ကိုပို့ဆောင်မဲ့ ကုန်ကားရာနဲ့ချီ ပိတ်မိနေကြတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကတည်းက လောင်တလိုင်-ဆိုင်းဟာလမ်းပိုင်းက ဆိုက်ကားကျေးရွာနဲ့ နားလ်ကွန်ကျေးရွာအကြားမှာ မိုးကြီးမြေပြိုကျတာကြောင့် ကားတွေသွားမရဘဲ ပိတ်မိနေကြတာလို့ ရခိုင်ကုန်သည်အမျိုးသားတယောက်က ပြောပါတယ်။
“လောင်တလိုင်နဲ့ ဆိုင်းဟာကြားမှာ တောင်ပြိုကျလို့ ကားလမ်းတွေပိတ်နေတာ ၄ ရက် ကျော်လာပြီ။ မိုးကဆက်တိုက်ရွာတွေတော့ တောင်ပြိုကျပြီးတော့ လမ်းပိတ်နေတာ။ ဒေသ အာဏာပိုင်တွေဘက်ကတော့ လမ်းပြုပြင်ရေးတွေ လုပ်နေပေမဲ့လည်း တနေရာပြီးရင် နောက်တနေရာက လာပြိုကျတာ။ ရခိုင်ကိုကုန်တွေပို့မဲ့ ကားအစီးရာနဲ့ချီ ပိတ်နေကြတာ။ စားကုန်တွေဆိုရင်တော့ ဆုံးရှုံးမှုတွေရှိနိုင်တယ်။ ကြက်ဥကားတွေဆို နောက်ပြန်လှည့်သွားကြပြီ။”
မီဇိုရမ်ပြည်နယ်ဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် မိုးရာသီဆိုရင် နှစ်စဉ်နှစ်တိုင်း မြေပြိုကျပြီး ကားလမ်းတွေပျက်စီးတဲ့ဒေသဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေ၊ ဆေးဝါးတွေနဲ့ စက်သုံးဆီတွေကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က အဓိကတင်သွင်းနေကြရတာဖြစ်ပြီး မိုးတွင်းရာသီ လမ်းခရီးကြမ်းတမ်းမှုတွေကြောင့် ကုန်စည်တွေဆုံးရှုံးမှုတွေ မကြာခဏရှိနေကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ရခိုင်နယ်စပ်ကုန်သည်နောက်တယောက်က “မိုးတွင်းဆိုရင် ကုန်သွယ်မှုက အရမ်းအန္တရာယ်များတယ်ဗျာ။ အထူးသဖြင့် မိုးကြီးတယ်ဆိုရင် မြေပြိုတာ၊ ရေစီးသန်တာတွေကြောင့် ကုန်စည်တွေ ဆုံးရှုံးမှုတွေ မကြာခဏရှိကြတယ်။ လမ်းတွေကလည်း တောင်ပေါ်လမ်းတွေဖြစ်တာကြောင့် မကြာမကြာ မြေပြိုမှုတွေဖြစ်လို့ လမ်းပိတ်တာမျိုးတွေလည်း ရှိကြတယ်။ ကုန်ခြောက်တွေက ပြဿနာမရှိပေမဲ့ ကုန်စိမ်းတွေဆိုရင် ဆုံးရှုံးမှုပိုများတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွက်လိုအပ်တဲ့ ကုန်စည်တွေကို လောင်တလိုင်၊ ဆိုင်းဟာ၊ လုံးလေနဲ့ အိုက်ဇောမြို့တို့ကနေ အဓိကကုန်သွယ်ကြတာဖြစ်ပြီး လက်ရှိမြေပြိုမှုကြောင့် လမ်းပိတ်နေတဲ့ လမ်းပိုင်းဟာ ကုန်သွယ်မှုလမ်းကြောင်းရဲ့ အဓိက လမ်းပိုင်းဖြစ်တယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။၊
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့်ကို စစ်အာဏာရှင်တပ်က ကန့်သတ်ထားတာ ဖြစ်ပါတယ်။










