
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်မှာ စက်တင်ဘာ ၈ ရက်က မိုးသည်းသည်းထန်ထန်ရွာပြီး မြေပြိုတာကြောင့် မိသားစုလိုက် သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ဟိုဆိုင်ကျေးရွာ ဆိုင်းလျှံနယ်မြေမှာ စက်တင်ဘာ ၈ ရက် မနက်အစောပိုင်းက တောင်စောင်းမြေပြိုကျပြီး အိမ် ၂ လုံးအပေါ် ပိမိခဲ့တာပါ။
အိမ်တလုံးထဲက မိသားစုလိုက် ပိမိသေဆုံးခဲ့ပြီး လွိုင်ဆောင်ထောက် အရန်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်း ရှာဖွေရာ မနက် ၇ နာရီခွဲမှာ သေဆုံးနေတဲ့ ကလေးတယောက်ကို ရှာတွေ့ပြီး နေ့လယ် ၁၂ နာရီခွဲလောက်မှာ အဖေနဲ့ သားတို့ရဲ့အလောင်းကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ညနေပိုင်းအထိတော့ မိခင်ဖြစ်သူရဲ့ အလောင်းကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
မိုးများတာကြောင့် မိုင်းရှူးမြို့ရဲ့ တချို့နေရာတွေမှာလည်း မြေပြိုခဲ့ပြီး ထိခိုက်တာတော့ မရှိခဲ့ပါဘူး။











