
ပြင်သစ်နိုင်ငံဟာ စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျတဲ့ ဆော်ဒီအာရေဗျရဲ့ ပင်လယ်နီ ဆိပ်ကမ်းမြို့ “ယန်ဘူ” ကို အကာအကွယ်ပေးဖို့အတွက် ပြင်သစ်စစ်တပ်နဲ့ ကာကွယ်ရေးစနစ်တွေကို စေလွှတ်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက စက်တင်ဘာ ၂၄ ရက်မှာ ပြောကြား လိုက်ပါတယ်။
ပြင်သစ်အနေနဲ့ ဘာပဋိပက္ခမှာမှ ပါဝင်ပတ်သက်ဖို့ မဟုတ်ဘဲ အဲဒီနေရာကို အကာအကွယ်ပေးဖို့ သက်သက်ပဲ ဖြစ်ပြီး ဆော်ဒီနဲ့ သဘောတူညီမှု ရထားတဲ့အတိုင်း စစ်သည်တွေ၊ ရေဒါစနစ်တွေနဲ့ ကာကွယ်ရေးစနစ်တွေ ပို့ပေးသွားမှာပါလို့ TF1 နဲ့ France 2 ရုပ်သံအစီအစဉ်တွေနဲ့ အင်တာဗျူးမှာ မက်ခွန်းက ပြောသွားတာပါ။
ယန်ဘူ စွမ်းအင်စက်ရုံဟာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့ရပြီး အဲဒီနေရာဟာ ရေနံစည်ပေါင်း သန်းနဲ့ချီ စီးဆင်းနေတဲ့ အဓိကလမ်းကြောင်း ဖြစ်ပါတယ်။
ကြာသပတေးနေ့တုန်းကလည်း ယီမင်နိုင်ငံက အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ ပစ်ခတ် လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၆ စင်းကို ဆော်ဒီအာရေဗျက ကြားဖြတ်ဟန့်တားနိုင်ခဲ့လို့ ယန်ဘူဒေသဆီ ဦးတည်ထားတဲ့ တိုက်ခိုက်မှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ် တပ်ပေါင်းစုက ပြောပါတယ်။
ပါရှန်းပင်လယ်ကွေ့ဒေသဟာ ကမ္ဘာ့စွမ်းအင် ၂၀ ရာခိုင်နှုန်း ထွက်ရှိရာနေရာ ဖြစ်တာကြောင့် ပင်လယ်နီနဲ့ ပင်လယ်ကွေ့ စွမ်းအင်စီးဆင်းမှု မှန်ကန်စေရေး၊ ဟော်မုဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်နိုင်ရေးတို့အတွက် အီရန်၊ အိုမန်တို့နဲ့ သံတမန်ရေးအရ ဆက်လက်ကြိုးပမ်းသွားမယ်လို့ မက်ခွန်းက ပြောဆိုပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ ဒီဇယ်တင်ပို့မှု ကန့်သတ်မဲ့ အစီအစဉ်ဟာ စက်သုံးဆီဈေးကို ပိုတက်စေမဲ့ ဆိုးရွားတဲ့ဆုံးဖြတ်ချက် ဖြစ်ကြောင်းနဲ့ ပို့ကုန်ပိတ်ပင်မဲ့အစား G7 နိုင်ငံတွေ စုစည်းပြီး “မဟာဗျူဟာမြောက် စွမ်းအင် အရန်သိုလှောင်ထားတာတွေကို ပူးပေါင်းထုတ်သုံးဖို့” သမ္မတ ထရမ့်ပ်ဆီ အဆိုပြုသွားမယ်လို့ မက်ခွန်းက ပြောကြားခဲ့ပါတယ်။
Source: Reuters










