ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ယီမင်နိုင်ငံအပေါ် ၂၄ နာရီအတွင်း ၉၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ယီမင်နိုင်ငံထဲက ဟူသီအဖွဲ့က အောက်တိုဘာ ၃၀ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
တချိန်တည်းမှာ ဆော်ဒီအာရေဗျဘက်က ဟူသီတွေ ပစ်လိုက်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဆော်ဒီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆာနာမြို့တော်နဲ့ ယီမင်နိုင်ငံရဲ့ ပြည်နယ်အများအပြားကို လေကြောင်းတိုက်ခိုက်မှုနဲ့ ဒုံးကျည်ပစ်ခတ်မှု ၉၃ ကြိမ် လုပ်ခဲ့တယ်လို့ ဟူသီအဖွဲ့ရဲ့ စစ်ရေးပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက သောကြာနေ့မှာ သတင်းထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ကိန်းဂဏန်းတွေကို သီးခြားလွတ်လပ်တဲ့ အရင်းအမြစ်တွေဆီကနေ အတည်မပြုနိုင်သေးပါဘူး။
သောကြာနေ့မှာပဲ ယီမင်နိုင်ငံ အနောက်တောင်ပိုင်း တိုက်ဇ်ပြည်နယ်က လူနေအိမ်တွေပေါ် ဆော်ဒီက လေကြောင်းတိုက်ခိုက်လို့ လူ ၇ ယောက် သေဆုံးပြီး ကလေးငယ်တယောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီအဖွဲ့ပိုင် အယ်လ်မာစီရာ ရုပ်သံလိုင်းက သတင်းဖော်ပြပါတယ်။
အဲဒီနေ့မှာပဲ ဟူသီတွေက အေဒင်နိုင်ငံတကာလေဆိပ်နဲ့ သမ္မတနန်းတော်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယီမင်အစိုးရတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျစ်အယ်လ် နူဇိုင်လီက ပြောပါတယ်။
ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ ထောက်ပံ့ကူညီမှုရယူထားတဲ့ တပ်ဖွဲ့တွေက လုံခြုံရေးတာဝန်ယူထားပြီး ယီမင်အစိုးရ ရုံးစိုက်ရာ အယ်လ်မာရှိ နန်းတော်ဝင်းဟာ ပဋိပက္ခတွေ ပြင်းထန်လာချိန်မှာ အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရပါတယ်။
တချိန်တည်းမှာ ဆော်ဒီနိုင်ငံရဲ့ မြို့တော်ရီယာ့ဒ်အပါအဝင် မက္ကာနဲ့မေဒီနာမြို့တွေလို နိုင်ငံထဲက နေရာအသီးသီးကို ပစ်မှတ်ထားလာတဲ့ ဒရုန်း ၃ စင်းနဲ့ ဒုံးကျည် ၂ စင်းကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က သီးခြားထုတ်ပြန် ကြေညာပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ် နည်းနည်းအတွင်း နှစ်ဖက်စလုံးအကြား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာခဲ့တာပါ။
ယီမင်နိုင်ငံမှာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းကတည်းက ဟူသီသူပုန်အဖွဲ့က မြို့တော် ဆာနာနဲ့ ယီမင်နိုင်ငံ မြောက်ပိုင်းဒေသ အများစုကို သိမ်းပိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ယီမင်အစိုးရကို ထောက်ပံ့ကူညီဖို့ ဝင်ရောက်စွက်ဖက်လာခဲ့လို့ ယီမင်နိုင်ငံဟာ ပဋိပက္ခတွေထဲမှာ နစ်မွန်းနေပါတယ်။
Source: Reuters











