
ယီမင်နိုင်ငံထဲက ဟူသီအဖွဲ့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀၉ ကြိမ် လုပ်ခဲ့တယ်လို့ အောက်တိုဘာ ၃ ရက်မှာ ပြောပါတယ်။
မနေ့ ညနေပိုင်းမှာ ဆာဒါ၊ အမ်ရန်နဲ့ တိုက်ဇ် ပြည်နယ်တွေမှာ မဟာမိတ်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ဇ်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး တခြားလူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သူတို့က ပြောပါတယ်။
တိုက်ဇ်မြို့ တောင်ဘက်က အယ်လ် မီစ်ရက်ခ်ခရိုင်၊ အယ်လ်-မာခါဖ်ဒေသက ဈေးတခု တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၀ ယောက်ထက်မနည်း သေဆုံးတဲ့အပြင် လူ ဒါဇင်ချီ ဒဏ်ရာရခဲ့တယ်လို့ ဟူသီတို့ပိုင်တဲ့ အယ်လ်မာစီရာ ရုပ်သံလိုင်းက နေ့ချင်းပြီး ဖော်ပြခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဆော်ဒီအာဏာပိုင်တွေနဲ့ ယီမင်အစိုးရတို့က တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။
ဒါ့အပြင် ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်း ဒမ္မန်မြို့က ဖှာဘုရင် နိုင်ငံတကာလေဆိပ်ကို ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဒရုန်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့လို့ လေကြောင်းပျံသန်းမှု လုပ်ငန်းစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ ဟူသီအဖွဲ့က မနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဟူသီတွေက ဆော်ဒီနိုင်ငံ ဂျာဇန်မြို့က ကြိုတင်သတိပေး ရေဒါစခန်းတခုကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို အဲဒီမြို့က လေဆိပ်မှာ စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters











