
ရွှေ့ပြောင်းခံရတဲ့ လယ်သမားမိသားစုတွေဟာ ဇာတိမြေဂါဇာမြို့ဆီ ပြန်လာကြပြီး လယ်ယာတွေကို ပြန်ပြင်ရင်း စားနပ်ရိက္ခာတွေအတွက် ပြန်စိုက်ပျိုးနေကြပေမဲ့ လယ်ယာစိုက်ပျိုးရေးအခြေအနေ ညံ့ဖျင်းတာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပြတ်လပ်တာလို စိန်ခေါ်မှုတွေ ရှိနေဆဲပါ။
အစ္စရေးရဲ့ ပါလက်စတိုင်းနယ်မြေအပေါ် စစ်ပွဲအတွင်း ပျက်စီးသွားတဲ့ လယ်ယာမြေတွေဟာ ဂါဇာရဲ့ အစိတ်အပိုင်းတချို့မှာ တဖြည်းဖြည်း ပြန်အသက်ဝင်လာနေပါတယ်။
ဂါဇာမြို့ရဲ့ အယ်လ်-ဇိုင်တွန်ရပ်ကွက်က လယ်ယာမြေတွေမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ပြန်ရိတ်သိမ်းနေကြပါတယ်။
စစ်ပွဲ ၃ နှစ်နီးပါးကြာပြီးတဲ့နောက် ဂါဇာရဲ့လယ်ယာမြေအများစု ပျက်စီးသွားတာ ဒါမှမဟုတ် ဘူဒိုဇာနဲ့ ဖြိုဖျက်ခံရတာတွေကြောင့် လယ်ယာလုပ်ငန်းပြန်လုပ်ရတာ ခက်ခဲတဲ့အလုပ်တခု ဖြစ်လာခဲ့ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က လယ်ယာစိုက်ပျိုးတဲ့ မိသားစု ၃၅၀ လောက်ကို ကယ်ဆယ်ရေးအိမ်ရာယူနစ်တွေနဲ့ လယ်ယာလုပ်ငန်းအကူအညီတွေ ထောက်ပံ့ထားပါတယ်။
စုစုပေါင်း မိသားစု ၁,၁၀၀ လောက် အကျိုးခံစားရမယ်လို့လည်း မျှော်လင့်ထားပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဂါဇာဟာ လုံးဝပျက်စီးခဲ့ပြီး လူတွေဟာ သူတို့ရဲ့ မွေးရပ်မြေကနေ ထွက်ခွာခဲ့ရတာပါ။
မိသားစုတွေဟာ ဂါဇာကမ်းမြောင်ရဲ့ တောင်ပိုင်း၊ အလယ်ပိုင်းဒေသက နေရာအမျိုးမျိုးကို အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းခံခဲ့ရပါတယ်။
UNDP က ဒီမိသားစုတွေကို ကယ်ဆယ်ရေးအိမ်ရာယူနစ်တွေလို့ ခေါ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ အမိုးအကာတွေနဲ့ အိမ်ရာဖြေရှင်းချက်တွေ ပေးအပ်ခြင်းအားဖြင့် ပံ့ပိုးပေးပါတယ်လို့ UNDP ပါလက်စတိုင်းရဲ့ ဒုတိယအထူးကိုယ်စားလှယ် မာဂန် အင်ဒရီဘိုး အယ်လ်ရှိတ်ခ်က ပြောပါတယ်။
ဒီအစီအစဉ်ဟာ UNDP ရဲ့ ရပ်ကွက်ချဉ်းကပ်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး အိမ်ရာနဲ့ အခြေခံ ဝန်ဆောင်မှုတွေ၊ အသက်မွေးဝမ်းကျောင်း အထောက်အပံ့တွေကို ပေါင်းစပ်ထားပါတယ်။
Source: Reuters











