DVB Logo
Home
Lead Story
အာဆီယံက စစ်အာဏာရှင်နှင့် ပြန်ဆက်ဆံလာခြင်းအပေါ် စိုးရိမ်ရမည့် အန္တရာယ်ရှိနေဟု APHR ပြော
DVB
·
July 15, 2026
Photo: MOFA-Myanmar
Photo: MOFA-Myanmar
Donate to DVB

မြန်မာစစ်အာဏာရှင်နဲ့ ညှိနှိုင်းပြီး ပြန်လည်ထိတွေ့ဆက်ဆံမဲ့ အာဆီယံရဲ့ မူဝါဒအပြောင်းအလဲဟာ မြန်မာပြည်သူတွေအတွက် ဘာရလဒ်ကောင်းမှ မဆောင်ကြဉ်းပေးနိုင်ဘဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်ကြောင်း အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က သတိပေးလိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော အစည်းအဝေးတရပ် ပြုလုပ်အပြီးမှာ ထွက်ပေါ်လာတာပါ။ 

အင်ဒိုနီးရှား လွှတ်တော်အမတ်လည်းဖြစ်၊ APHR ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မာစီ ခရစ္စတီ ဘာရန်းဒ်စ်က “ဒါကို တိုးတက်မှုလို့ အာဆီယံအနေနဲ့ ပြောလို့မရပါဘူး။ အခု ကျမတို့ မြင်တွေ့နေရတာဟာ သံတမန်ရေးရာ စကားလုံးလှလှလေးတွေ သုံးပြီး စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် လုပ်ပေးနေတာပါ။ ၅ နှစ်တိုင်တိုင် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့အပေါ် အရေးယူမှု တစုံတရာ မရှိခဲ့ဘဲ အခုတော့ သူတို့ကို ဆွေးနွေးပွဲဝိုင်းမှာ နေရာပေးလိုက်ပါပြီ” လို့ ပြောလိုက်တာပါ။

ဒါ့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးမတိုင်ခင်လေးမှာတင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အလုံးစုံ ပြန်လည်သုံးသပ်ဖို့ စစ်အာဏာရှင်ရဲ့ လွှတ်တော်ကနေ အဆိုတင်သွင်း တောင်းဆိုခဲ့တာဟာ အာဆီယံရဲ့ မူဘောင်ကို တိုက်ရိုက် မထီမဲ့မြင် ပြုလုပ်လိုက်တာပဲလို့လည်း သူက ထောက်ပြထားပါတယ်။

ဒါ့အပြင် စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ဆက်လက်ရပ်တည်မဲ့အကြောင်း လူသိရှင်ကြား ထပ်လောင်းပြောဆိုနေကြတာဟာ မြန်မာ့အရေး မူဝါဒအပေါ် အာဆီယံအဖွဲ့အတွင်းမှာ စည်းလုံးညီညွတ်မှု မရှိဘဲ သဘောထားတွေ ကွဲလွဲနေတာကို ပိုမိုပေါ်လွင်စေတယ်လို့လည်း APHR က ဆိုပါတယ်။

အာဆီယံအနေနဲ့ သံတမန်ရေးရာ လမ်းကြောင်းသစ် ဖော်ဆောင်တဲ့အခါမှာ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေကို လျစ်လျူမရှုမိဖို့လည်း တိုက်တွန်းထားတာပါ။

ဒါ့အပြင် စစ်အာဏာရှင်နဲ့ ဘယ်လိုပဲ ပြန်လည်ထိတွေ့ဆက်ဆံ ပတ်သက်ပါစေ၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဟန့်အတားမရှိ ပေးအပ်နိုင်ရေးစတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ရဲ့ အဓိက ကတိကဝတ်တွေအပေါ်မှာပဲ အခြေခံပြီး တိုင်းတာ ဆုံးဖြတ်ရမယ်လို့ ထပ်လောင်း အလေးအနက် ပြောဆိုထားပါတယ်။

ဒါ့အပြင် အဆိုပါ အလွတ်သဘောအစည်းအဝေးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခွင့်ရခဲ့တဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

Source: Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013