

လန်ဒန်မြို့မြောက်ပိုင်း မိုင် ၆၀ အကွာရှိ ဘတ်ဖို့ဒ်မြို့အနီးမှာ ဇွန် ၁၉ ရက် ညနေပိုင်းက ရထား ၂ စင်း တိုက်မိလို့ လူတယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဗြိတိန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်လောက်မှာ ဘတ်ဖို့ဒ်မြို့တောင်ဘက် ရထားလမ်းပိုင်းပေါ်မှာ "East Midlands မီးရထားလိုင်းက ရထား ၂ စင်း တိုက်မိခဲ့တာဖြစ်ပြီး၊ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်း ရောက်ရှိလာခဲ့ကြပါတယ်။
"East of England" လူနာတင်ယာဉ် အကူအညီပေးရေးအဖွဲ့ဟာ လူနာတင်ကား ၂၀ ကျော်နဲ့ ရဟတ်ယာဉ်လူနာတင်ကား ၆ စီးအပါအဝင် အင်အား အမြောက်အမြားနဲ့ လာရောက်ကူညီ ခဲ့ကြပါတယ်။
ထိခိုက်မှုစာရင်းအရ အခင်းဖြစ်ပွားတဲ့နေရာမှာတင် လူတယောက် သေဆုံးသွားခဲ့ပြီး လူ ၁၁ ယောက်က အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။ နောက်ထပ် ၂၂ ယောက် ကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ဒဏ်ရာအနည်းငယ်ရသူက ၅၆ ယောက် ရှိပါတယ်။
ရထားပေါ်ပါလာတဲ့ ခရီးသည်တယောက်က လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ရထားတစင်းရဲ့ အရှေ့ပိုင်းက နောက်ထပ်ရထားတစင်းရဲ့ အနောက်ပိုင်းနဲ့ ငြိတွယ်ပိတ်မိနေတာကို တွေ့ရပြီး ရထားတွဲတွေကတော့ လမ်းချော်မသွားဘဲ သံလမ်းပေါ်မှာပဲ ရှိနေတုန်းပဲလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ကေယာ စတာမာက "အသက်ဆုံးရှုံးသွားခဲ့ရသူရဲ့ မိသားစုဝင်တွေ၊ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့သူတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်" လို့ လူမှုကွန်ရက်ကတဆင့် စာနာစကားဆိုထားပြီး ဒါဟာ တကယ့်ကို စိတ်မကောင်းစရာ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီး ဂျိမ်းစ်မာရေးကလည်း အခြေအနေတွေကို အမြဲမပြတ် စောင့်ကြည့်အစီရင်ခံစာယူနေသလို၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟိုင်ဒီ အလက်ဇန္ဒားကလည်း ဒီဖြစ်ရပ်အပေါ် "အလွန်အမင်း စိုးရိမ်ပူပန်မိတယ်" လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေက ပြည်သူတွေကို အဲဒီရထားလမ်းပိုင်းအနီးတဝိုက် မသွားကြဖို့ သတိပေးထားပါတယ်။
Source:Reuters










