
လန်ဒန်မြို့မှာ တရုတ်နိုင်ငံရဲ့ ဧရာမသံရုံးကြီး ဆောက်လုပ်ဖို့ ဗြိတိန်အစိုးရက ခွင့်ပြုပေးခဲ့တာဟာ တရားဥပဒေနဲ့ ညီညွတ်တယ်လို့ လန်ဒန်တရားလွှတ်တော်ချုပ်က ဇူလိုင် ၃၁ ရက်မှာ ဆုံးဖြတ် လိုက်ပြီး ဒေသခံတွေရဲ့ ဥပဒေကြောင်းအရ ကန့်ကွက် လျှောက်ထားမှုကို ပယ်ချခဲ့ပါတယ်။
လန်ဒန်ရဲတိုက်အနီး နှစ်ပေါင်းရာချီ သက်တမ်းရှိပြီဖြစ်တဲ့ တော်ဝင်ဒင်္ဂါးပုံနှိပ်တိုက်ဟောင်းနေရာမှာ သံရုံးဆောက်လုပ်မဲ့ တရုတ်ရဲ့ အစီအစဉ်ကို ဇန်နဝါရီလတုန်းက အတည်ပြုပေးခဲ့တာပါ။
ဒါဟာ ၂၀၁၈ ခုနှစ် နောက်ပိုင်း ဗြိတိန်ခေါင်းဆောင် တယောက်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် အဲဒီအချိန်က ဝန်ကြီးချုပ် စတာမာ မသွားရောက်ခင်လေးမှာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီသံရုံးကို သူလျှိုလုပ်ဖို့ စခန်းတခုအဖြစ် အသုံးပြုသွားနိုင်တယ်လို့ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံရေးသမားတွေ သတိပေးနေကြတဲ့ကြားကပဲ ဆောက်လုပ်ခွင့် ပေးခဲ့တာဟာ ပေကျင်းနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးပမ်းချက်တခုအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။
ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီတွေကတော့ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုမှန်သမျှကို ထိန်းချုပ် လျှော့ချနိုင်ပါတယ်လို့ ပြောထားပါတယ်။
သံရုံးသစ်ဟာ ဆန္ဒပြပွဲတွေကို ပိတ်ပင်ဟန့်တားတာ ဒါမှမဟုတ် တရုတ် အတိုက်အခံတွေကို စောင့်ကြည့်ရာမှာ အသုံးပြုသွားနိုင်တဲ့ အန္တရာယ်ရှိတာကို တာဝန်ရှိသူတွေဘက်က ထည့်သွင်းစဉ်း စားဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒီလအတွင်း ဒေသခံတွေက လျှောက်လဲခဲ့ကြပေမဲ့ သူတို့ရဲ့ စွပ်စွဲချက်ကို လန်ဒန် တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။
Source:Reuters










