DVB Logo
Home
နိုင်ငံတကာ
လန်ဒန်တွင် ဖုန်းသူခိုးများကို ဖမ်းရန် e-bike တပ်ဖွဲ့အား တာဝန်ပေး
DVB
·
August 27, 2026
Photo:Reuters
Photo:Reuters
Donate to DVB

လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ ဗြိတိန်မြို့တော်အတွင်း ဖုန်းခိုးယူလုယက်တာမျိုးလို လမ်းပေါ် ရာဇဝတ်မှု ကျူးလွန်သူတွေကို နှိမ်နင်းဖို့ လျှပ်စစ်စက်ဘီးစီး (e-bike) တပ်ဖွဲ့ကို ဒီအပတ်မှာ တိုးချဲ့ တာဝန်ပေးလိုက်ပြီး ဒါဟာ အပြောင်းအလဲကြီးတခု ဖြစ်တယ်လို့ အကြီးတန်းအရာရှိ တယောက်က တင်စားပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ တနာရီ မိုင် ၅၀ (ကီလိုမီတာ ၈၀) အထိ မောင်းနှင်နိုင်ပြီး လမ်းမပေါ်တင်မက လှေကား တွေပေါ်အထိ သံသယရှိသူတွေနောက် တက်လိုက်နိုင်တဲ့ လျှပ်စစ်စက်ဘီးအသစ် အစီး ၂၀ ကို စတင်အသုံးပြုနေတာပါ။

ဗုဒ္ဓဟူးနေ့ ကင်းလှည့်ချိန်အတွင်းမှာ ရဲအရာရှိတယောက်က စက်ဘီးသစ်တွေနဲ့ ဒရုန်းတွေ အသုံးပြုမှု ရဲ့ ထိရောက်ပုံကို ချီးကျူးခဲ့ပေမဲ့ “ကျူးလွန်နေကျ ရာဇဝတ်သားတွေ” ဘက်ကလည်း ရဲတွေရဲ့ တာဝန်ချိန် အပြောင်းအလဲနဲ့ ကင်းလှည့်ချိန် ဇယားတွေကို လိုက်လျောညီထွေဖြစ်အောင် လေ့လာ ထားပြီး ဖြစ်မယ်လို့ ဆိုပါတယ်။

ဒီစက်ဘီးတွေဟာ ဖုန်းလုယက်မှုတွေကို နှိမ်နင်းရာမှာ အထူးထိရောက်ပြီး မေလအထိ ၁၂ လတာ ကာလအတွင်း ဖုန်းလုယက်ခံရမှုပေါင်း ၆၈,၀၀၀ လောက်ကနေ ၅၄,၀၀၀ လောက်အထိ လျော့ကျ သွားတယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ တရားစွဲဆိုတာ၊ သတိပေးတာ စတဲ့ “အပြုသဘောဆောင်တဲ့ ရလဒ်” ရရှိမှုနှုန်းကတော့ ၁ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေသေးတာပါ။

လန်ဒန်မြို့တော် ရဲလုပ်ငန်းနှင့် ရာဇဝတ်မှုဆိုင်ရာ ဒုတိယမြို့တော်ဝန် ကာယာ ကိုးမား-ရွှာ့ဇ်က ဖုန်းလုယက်မှုလို ရာဇဝတ်မှုတွေကို နှိမ်နင်းရာမှာ ရာဇဝတ်တရားစီရင်ရေးစနစ်ကို တိုးတက်အောင် လုပ်တာ၊ နစ်နာသူတွေကို ကူညီပေးတာတွေနဲ့ပါ ပူးတွဲလုပ်ဆောင်ဖို့ လိုတယ်လို့ ရိုက်တာကို ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ X ပိုင်ရှင် အီလွန်မတ်စ်ခ်တို့ အပါအဝင် လက်ယာယိမ်း နိုင်ငံရေးသမားတွေနဲ့ ထင်ရှားကျော်ကြားသူတွေဟာ ဗြိတိန်နဲ့ လန်ဒန်မြို့ရဲ့ ရာဇဝတ်မှုတွေ အကြောင်းခဏခဏ ဝေဖန်လေ့ရှိပြီး ထရမ့်ပ်က လန်ဒန်မှာ ရဲတွေတောင် မဝင်ရဲတဲ့ “မသွားရ ဒေသ တွေ” ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ လျှော့ချခံရချိန်မှာ ရာဇဝတ်မှုတွေ မြင့်တက်ခဲ့ပေမဲ့ ဇွန်လအထိ နောက်ဆုံးရရှိတဲ့ ကိန်းဂဏန်းတွေအရ လန်ဒန်မှာ ခိုးယူမှု၊ လုယက်မှုနဲ့ အိမ်ဖောက်ထွင်းမှုတွေ လျော့ကျ သွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက လန်ဒန်မြို့တော်ဝန် ဆာဒစ်ခ် ခန်းဟာ လန်ဒန်မြို့ ပုံရိပ်ကို အွန်လိုင်းနဲ့ ပြည်ပကနေ နှိမ့်ချပြောဆိုသူတွေကို ဝေဖန်ခဲ့ပါတယ်။

မြို့တော်ရဲတပ်ဖွဲ့ရဲ့ ဒုတိယလက်ထောက်မဟာမင်းကြီး လူးဝစ် ပတ်ဒီဖုဒ်ကတော့ မြို့တော် ရာဇဝတ်မှုအပေါ် ဝေဖန်တာတွေကို ရဲတပ်ဖွဲ့က အာရုံစိုက်မနေဘူးလို့ ပြောဆိုပါတယ်။

မိမိတို့ရဲ့ အဓိကအလုပ်က လန်ဒန်ဟာ အန္တရာယ်အများဆုံးမြို့တော် မဟုတ်ဘူးဆိုတာ စိတ်အေး သွားစေဖို့အတွက် ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေပြီး လူ့အဖွဲ့အစည်းကို စိတ်ချစေကြောင်း ပြသဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013