DVB Logo
Home
မြန်မာသတင်း
စည်းကမ်းပျက် ရထားစီးသူ ၆၀ ခန့် အရေးယူခံထားရ
DVB
·
July 27, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာပြည်တွင်း ပြေးဆွဲနေတဲ့ DEMU အမြန်ရထားတွဲသစ်တွေပေါ်မှာ စီးနင်းလိုက်ပါပြီး စည်းကမ်းမလိုက်နာသူ ၆၀ ဝန်းကျင်ထိ အရေးယူထားပြီး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်အရေးယူထားတယ်လို့ မြန်မာ့မီးရထားဌာန တာဝန်ရှိသူက  DVB ကို ပြောပါတယ်။

ရထားအသစ်တွေပေါ်မှာ အရက်သောက်တာ၊ ကွမ်းစားတာ၊ ရထားကို ညစ်ပတ်အောင် လုပ်ဆောင်တာတွေ အပါအဝင် ရထားတွေကို ပျက်စီးအောင် လုပ်ဆောင်သူတွေပါ အရေးယူထားတယ်လို့ မီးရထားတာဝန်ရှိသူတွေက ပြောပါတယ်။

မီးရထား တာဝန်ရှိသူတယောက်က “တလောက ရထားပေါ်မှာ မူးရူးသောက်စားတဲ့ သူတယောက်ကို ထောင်တလ ပြစ်ဒဏ်ချလိုက်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရထားပေါ်မှာ ကွမ်းစား ညစ်ပတ်အောင်လုပ်လို့ လိုင်းပေါ်တက်လာတဲ့ ၄ ယောက်ကိုလည်း ငွေဒဏ်ချလိုက်တယ်။ ဟိုတလောက DEMU တွဲသစ်ကို ခဲနဲ့ပေါက်တဲ့ ကလေး ၅ ယောက်လေ၊ သူတို့ကို တယောက် နှစ် ၂၀ ချလိုက်တယ်” လို့ ပြောပါတယ်။

ရထားကို ခဲနဲ့ပေါက်လို့ ထောင်နှစ်ရှည် ချမှတ်ခံရတဲ့ လူငယ်တွေကို အသက်မပြည့်သေးတာကြောင့် လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ထားတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေတဲ့ DEMU ရထားသစ်ပေါ်မှာ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် ကခုန် တစ်တော့ရိုက်ခဲ့တဲ့ အဖွဲ့ကိုလည်း အရေးယူဖို့ လုပ်နေတယ်လို့ အဲဒီရထားပေါ်မှာ လိုက်ပါခဲ့တဲ့ မီးရထားဝန်ထမ်းတယောက်က ပြောပါတယ်။

ရန်ကုန်-မော်လမြိုင် ရထားဝန်ထမ်းတယောက်က “ဒီရထားတွေက ပြဿနာရထားတွေလို့ ပြောလို့ရတယ်ဗျ။ ရထားသစ်တွေ ထိခိုက်ပျက်စီးအောင်လုပ်တာ၊ တစ်တော့ရိုက်တာတွေ မရဘူး။ ကွမ်းလည်း စားခွင့်မရှိဘူး။ အဲဒီအဖွဲ့ကတော့ လူအများကြီးပဲ၊ လိုင်းပေါ်မှာ ဗီဒီယိုတက်လာတာ။ ကျနော်တို့က သုံးခါတောင် သတိပေးတာ။ သူတို့က ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့ အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့တာ။ အခု သူတို့ကို ရထားဥပဒေနဲ့ အရေးယူဖို့ လုပ်နေတယ်” လို့ ပြောပါတယ်။

ဒီ ၂၁ ရက်က ရထားပေါ်မှာ ကွမ်းစားခဲ့တဲ့ အမျိုးသမီး ၄ ယောက်ကို ပျဉ်းမနားမြို့မရဲစခန်းက ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က) နဲ့ အရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013