
DEMU အမြန်ရထား ၂ စင်းကို စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ခဲနဲ့ပေါက်ခဲ့တဲ့ မီးရထားဝန်ထမ်း အပါအဝင် အမျိုးသား ၃ ယောက်ကို မီးရထားရဲတွေက ဖမ်းမိခဲ့ပြီး ရထားပို့ဆောင်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
မနေ့ မနက် ၁၀ နာရီ ရန်ကုန်ကနေ မော်လမြိုင်ကို ထွက်ခွာလာတဲ့ DEMU အမြန်ရထားကို ကျော်လင်းထွန်းနဲ့ မောင်နိုင်တို့က ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီးမှာ ခဲနဲ့ပေါက်တာလို့ ဒေသခံက ပြောပါတယ်။
“ကျွဲခြံဘူတာအလွန်မှာ ခဲနဲ့ပေါက်တာ ခဲနဲ့ ပေါက်တာသိသိချင်း ရထားက နောက်ပြန် မောင်းပြီး ရထားရဲတွေက သွားဖမ်းတာ ၂ ယောက်မိတယ်၊ ၂ ယောက်စလုံးကို မုတ္တမ ရဲစခန်းမှာ ရထားပို့ ဆောင်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်။”
စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီကလည်း ပြည်ကနေ ရန်ကုန်ကို မောင်းလာတဲ့ အမှတ် ၇၄ အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားကို တိုက်ကြီးမြို့နယ် ရေကျော်ဘူတာအနီးမှာ မီးရထားဝန်ထမ်းက အုတ်ခဲနဲ့ ပေါက်ခဲ့လို့ ဖမ်းဆီးအရေးယူထားတယ်လို့ ရထားနဲ့ နီးစပ်သူက ပြောပါတယ်။
“ဖလုံဘူတာ ဒုံးခိုက်ကျေးရွာမှာနေတဲ့ မီးရထားဝန်ထမ်းက အရက်မူးပြီးတော့ ရထားကို အုတ်နီခဲနဲ့ ထုတာ လူတွေတော့ ဘာမှမဖြစ်ဘူး၊ ရထားမှန်တော့ ကွဲသွားတယ် သူကိုလည်း ရထားပို့ဆောင်ရေးဥပဒေနဲ့ပဲ အမှုဖွင့်ထားတယ်။”
အဆိုပါ မီးရထားဝန်ထမ်းကို တိုက်ကြီးမြို့မရဲစခန်းက (ပ)၁၄၇/၂၀၂၆ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေပုဒ်မ ၈၄ နဲ့ အမှုဖွင့်ထားပါတယ်။
ဇွန် ၆ ရက်ကလည်း မန္တလေးကနေ ရန်ကုန်ကို ဆင်းလာတဲ့ DEMU အမြန်ရထားကို ပဲခူးမြို့ ကျိုက်စကောရွာနဲ့ လက်ခုပ်ကွင်းအကြားမှာ ခဲနဲ့ ပေါက်ခဲ့တဲ့ လူငယ် ၄ ယောက်ကို ဖမ်းဆီးပြီး ရထားပို့ဆောင်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။










