
စပိန်နိုင်ငံ မက်ဒရစ်မြို့နဲ့ တောင်ပိုင်း အန်ဒါလူစီယာဒေသကို ဆက်သွယ်ထားတဲ့ ရထားလမ်းပိုင်းမှာ အမြန်ရထား ၂ စင်း တိုက်မိခဲ့ပြီး အနည်းဆုံး လူ ၆၈ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသွားတယ်လို့ ရထားလမ်းပိုင်း တာဝန်ခံအေဒီဖ် (Adif) ကုမ္ပဏီက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
“မက်ဒရစ်-အန်ဒါလူစီယာ အမြန်ရထားလမ်းပိုင်းမှာ ရထား ၂ စင်း နောက်ကနေ ဝင်တိုက်မိခဲ့ပြီးနောက် ရထားပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားပါတယ်” လို့ အေဒီဖ် ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ X လူမှုကွန်ရက်မှာ ပို့စ်တင်ထားပါတယ်။
လူပေါင်း ၅၀၀ ကျော်လောက် လိုက်ပါလာတဲ့ Renfe နဲ့ Iryo ကုမ္ပဏီတို့ရဲ့ ရထား ၂ စင်းဟာ ဒေသစံတော်ချိန် မနက် ၉ နာရီကျော်လောက်မှာ တိုက်မိခဲ့တာဖြစ်ပြီး Iryo ရထားတွဲ ၂ တွဲ လမ်းချော်သွားခဲ့ကြောင်း ကက်စ်တီလာ လာမန်ချာဒေသ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ကက်စ်တီလာ လာမန်ချာ ဒေသဆိုင်ရာ ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းတွေအရ ရထားတစင်း လမ်းချော်နေတာကို တွေ့ရပြီး ရထားတွဲတတွဲကတော့ မြင့်မားတဲ့ ရထားလမ်းပိုင်းပေါ်မှာတင် ကျန်ရစ်နေပါတယ်။
ဒါ့အပြင် ရထားလမ်းအောက်ဘက် ကုန်းစောင်းပေါ်မှာလည်း ကွေးညွတ်ပျက်စီးနေတဲ့ သတ္တုစတွေ၊ ကျိုးပဲ့နေတဲ့ အစိတ်အပိုင်းနဲ့ အပျက်အစီးတွေ ပြန့်ကျဲနေတာကို တွေ့မြင်ရပါတယ်။
အခုလို ရထားတိုက်မိမှု မဖြစ်ပွားခင် ပြီးခဲ့တဲ့ ၉ လလောက်တုန်းကလည်း အဲဒီရထားလမ်းပိုင်းပေါ်မှာပဲ ရထားကုမ္ပဏီတခုတည်းက အမြန်ရထား ၂ စင်း တိုက်မိခဲ့ရာမှ လူ ၄၆ ယောက် သေဆုံးခဲ့ဖူးပါတယ်။
ဇန်နဝါရီလက ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာ ကော်ဒိုဘာပြည်နယ် အဒါမူဇ်မြို့အနီးမှာ ရထားတစင်း လမ်းချော်ပြီး ဆန့်ကျင်ဘက်ကလာတဲ့ ရထားတစင်းနဲ့ ဝင်တိုက်မိခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကြောင့် မကြာသေးမီနှစ်တွေအတွင်း ရထားလမ်း ထိန်းသိမ်းပြုပြင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ ပတ်သက်လို့ အငြင်းပွား ဆွေးနွေးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
Source: Reuters











