
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ရွာမရွာကို စစ်ကောင်စီဘက်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်တလုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဇဝဲရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၅၆ တပ်ရင်းကနေ ရွာမရွာကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာမရွာသားတယောက်က “အသေခံဒရုန်းက လူနေအိမ်ပေါ်မှာ လာကျပြီး ခေါင်မိုးအရှေ့တခြမ်း ပျက်စီးသွားတယ်။ လူတော့ အထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။
မတ် ၂၄ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်ကလည်း တကူကျေးရွာအုပ်စု၊ ရွာမရွာနဲ့ အလယ်ပိုင်းရွာကို စစ်ကောင်စီတပ်က ကာမီကာဇေဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကောင်စီရဲ့ ၅၅၆ တပ်ရင်းမှာ ကာမီကာဇေ ဒရုန်းသင်တန်းတွေ လုပ်နေတယ်။ ပြီးတော့ တကူရွာဘက်ကို ကာမီကာဇေဒရုန်းနဲ့ လက်တည့်လာစမ်းတဲ့ သဘောမျိုးနဲ့ တိုက်ခိုက်နေတာပါ” လို့ ပြောပါတယ်။
ရွာမရွာနဲ့ အလယ်ပိုင်းရွာတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပေမဲ့ မြေပြင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီဘက်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်နေတာပါလို့ ဒေသခံတွေက ပြောပါတယ်။










