
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ ၁၀ လအတွင်း စစ်အာဏာရှင်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၀ အထိ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲက ၄၂ ယောက်ကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၄ ယောက် ပါဝင်ပါတယ်။
သေဆုံးရတဲ့ အဓိက အကြောင်းရင်းတွေကတော့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၂၀ ယောက်နဲ့ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရမှုကြောင့် ၉ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်တဲ့ သေဆုံးသူ ၄၈ ယောက်ကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်း သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းရွာကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးတယောက်အပါအဝင် ပြည်သူ ၄ ယောက် နေရာမှာတင် သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AAPP က ပြောပါတယ်။
Photo: AAPP











