
တပတ်ကျော်ကြာရေကြီးနေတဲ့ တနင်္သာရီမြို့နယ်မှာ ကျေးရွာအများအပြားနဲ့ မြို့ဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းလောက် ရေမြုပ်နေပြီး အောက်တိုဘာ ၄ ရက် ဒီနေ့မှာတော့ အန္တရာယ်ရေမှတ်အောက် နည်းနည်းကျလာပေမဲ့ စိုးရိမ်ရေမှတ်ထက် ၆ ပေကျော် ရေတက်နေတုန်းဖြစ်ပါတယ်။
မိုးသည်းသည်းထန်ထန် ရွာတာကြောင့် စက်တင်ဘာ ၂၇ ရက်ကစလို့ တနင်္သာရီမြစ်ရေတက်လာပြီး တမြို့နယ်လုံး ရေကြီးနေတာပါ။
တနင်္သာရီမြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၇ ပေ၊ အန္တရာယ်ရေအမှတ်က ၂၄ ပေဖြစ်ပြီး မနေ့ကတော့ ၂၇ ပေ ၁၀ လက်မအထိ ရေတက်နေခဲ့ပါတယ်။
ဒီမနက်မှာတော့ ၂၃ ပေ ၄ လက်မ ရှိတာကြောင့် အန္တရာယ်ရေမှတ်အောက် နည်းနည်းကျလာပေမဲ့ မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရဲ့ တနင်္သာရီ-ကော့သောင်းလမ်းပိုင်း၊ လယ်တောင်ယာရွာလမ်းမပေါ်မှာ ရေ ၄ ပေကျော်ရှိနေလို့ အသုံးပြုမရသေးဘဲ တနင်္သာရီ-မြိတ်လမ်းပိုင်းကတော့ သုံးလို့ရတယ်လို့ မြို့နယ် ကြက်ခြေနီအသင်းခွဲဆီက သိရပါတယ်။
အောက်တိုဘာ ၂ ရက်မှာ မြို့ပေါ်က ချောင်းကြီးရပ်ကွက်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်၊ ချောင်းငယ်ရပ်ကွက်ရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရေနစ်မြုပ်ပြီး မြို့ပေါ်ဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ရေမြုပ်နေတယ်လို့ ဆိုပါတယ်။
မြိတ်ခရိုင်နိုင်ငံရေးအင်အားစုကလည်း ၂၀၂၆ ခုနှစ်အတွင်း တနင်္သာရီမြို့နယ်က ကျေးရွာတွေနဲ့ မြို့ပေါ်ဟာ ရေကြီးနစ်မြုပ်ဒဏ်ကို အနည်းဆုံး ၃ ကြိမ်ခံခဲ့ရတယ်လို့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ကောက်ယူထားနိုင်တဲ့ စာရင်းတွေအရ မြို့နယ်အတွင်း ၅၁ ရွာမှာ အိမ်ခြေစုစုပေါင်း ၄,၇၁၀ အိမ် ရေလွှမ်းမိုးခံနေရပြီး စာရင်းမကောက်နိုင်သေးတဲ့ ရွာတွေလည်း အများကြီးရှိနေတယ်လို့ ဆိုပါတယ်။
မြို့နယ်က နေရာတော်တော်များများမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေပြီး ကျေးရွာအလိုက် ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို အကူအညီပေးရေးအဖွဲ့စည်းတွေဆီ ဆက်သွယ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
သတင်းထုတ်ပြန်ချိန်က တနင်္သာရီမြို့နယ်အတွင်း ရေအမြင့်ပေ ၃၀ လောက်ရှိတယ်လို့ ဆိုပြီး တချို့အိမ်တွေ ခေါင်မိုးအထိမြုပ်နေသလို ရွာတော်တော်များများကအိမ်တွေမှာ လူနေထိုင်လို့မရတော့ဘဲ အသက်အန္တရာယ်ထိခိုက်ခဲ့တာတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ရေနဲ့ စားနပ်ရိက္ခာပြတ်တောက်တာ၊ ရာသီဥတုအပူရှိန်ကြောင့် ကျန်းမာရေး ထိခိုက်လာသူတွေရှိနေပြီး လယ်ယာမြေနဲ့ ဥယျာဉ်ခြံမြေတွေ ပျက်စီးဆုံးရှုံးတာရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လေဖိအားနည်းရပ်ဝန်း ဖြတ်သန်းပြီး မိုးအကြီးအကျယ်ရွာတာကြောင့် လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့မှာ မြေပြိုရေကြီးလို့ လူသေဆုံးဒဏ်ရာရခဲ့ပြီး ထားဝယ်မြို့မှာလည်း ရေကြီးခဲ့ပါတယ်။
တနင်္သာရီမြစ်ရေဟာ ၂၀၂၄ ခုနှစ်တုန်းက သာမန်ရေမျက်နှာပြင်အထက် ၃၁ ပေ ၁ လက်အထိ မြင့်တက်ခဲ့ဖူးပါတယ်။










