DVB Logo
Home
မြန်မာသတင်း
တာတမံများ ပြုပြင်ပေးခြင်း မရှိသဖြင့် တနင်္သာရီတိုင်းက လယ်ယာစိုက်ပျိုးရေးပျက်စီး 
DVB
·
October 17, 2026
Photo : ဒေသခံ
Photo : ဒေသခံ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်း၊ မှော်ကြောင်းကျေးရွာမှာ ဒေသခံလယ်သမား တွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ဖို့အတွက် တာတမံနဲ့ ချေးငွေကိစ္စအပါအဝင်  အဘက်ဘက် ကနေ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

အရင် NLD အစိုးရလက်ထက်တုန်းကဆိုရင် စိုက်ပျိုးရေးအတွက် တာတမံတွေကို အစိုးရဘက်က တာဝန်ယူ လုပ်ဆောင်ပေးခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီလို အကူအညီမျိုး မရှိတော့ဘဲ လယ်သမားတွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း တမံပေါက်ကျမှုတွေနဲ့အတူ အချို့လယ်ယာမြေတွေပါ ဆုံးရှုံးရတဲ့အထိ ဖြစ်လာတာကြောင့် လယ်သမားတွေမှာ နစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။

မှော်ကြောင်းရွာရဲ့ ရပ်ရွာတာဝန်ခံတယောက်က “တာတမံကိစ္စတွေကျတော့ အရင် NLD အစိုးရ လက်ထက်တုန်းက တာတမံပြုပြင်ရေးဆိုပြီး ဆည်မြောင်းကို လယ်သမားတွေ ပေါင်းစုပြီးတင်တဲ့ အချိန်ကျရင် လယ်သမားတွေကနေပြီး တာတမံပြင်တဲ့စရိတ်ကို ချပေးတယ်။ တို့တောင်သူ လယ်သမားကျတော့ တဦးချင်းစီကနေပြီး အားပဲစိုက်ရတယ်။ ငွေအားမထုတ်သုံးရဘူး။ အခုခေတ် အနေအထားရတော့ တောင်သူတွေ တော်တော်အခက်အခဲကြုံတယ်။ ငွေစိုက်ပေးမဲ့သူလည်း မရှိဘူး။ ကိုယ်ထူကိုယ်ထ လုပ်ရတယ်ဆိုတော့ တမံတွေက အဆင်မပြေ လောက်ဘူး။ မနက်ပြီးခဲ့တဲ့ ရာသီတုန်းက တမံတွေ ကျိုးပေါက်တယ်။ တမံတွေ ပြိုကျတော့ လယ်သမားတွေက တဦးချင်း ပိတ်တော့ မလုံလောက်ဘူး။ မလုံလောက်တော့ စပါးတွေ ပျက်စီးတယ်။ စပါးတွေ ပျက်စီးပြီး လယ်သမားတွေ အားလုံး နစ်နာကုန်တယ်။ ပြီးခဲ့တဲ့နှစ်က ဒီပုံစံပဲဖြစ်ရတယ်။ တာတမံတွေ ကျိုးသွားတယ်။ ပြုပြင်လို့မနိုင်ဘူး။ လယ်သမားတွေက ငွေအလုံအလောက်မရှိဘူး။ အစိုးရမှာ တင်ပြမယ်ဆိုလည်း တင်ပြပိုင်ခွင့်မရှိတဲ့အတွက် တောင်သူတွေမှာ ကိုယ်ထူကိုယ်ထပဲ လုပ်ရတယ်။ သဘောက တပတ်လုပ်ရမဲ့ဟာကို လနဲ့ချီပြီးလုပ်ရတယ်ဆိုတော့ တောင်သူတွေမှာလည်း နစ်နာ လာတယ်။ နောက်တခုက စံချိန်မမီတဲ့ အတွက် တမံကျိုးတဲ့အတွက် ရေငံတွေ ရောက်လာတော့ စပါးတွေပျက်စီးကုန်တယ်။ ဒါတွေက ဆုံးရှူံးမှုတွေပေါ့”လို့ ပြောပါတယ်။

စိုက်ပျိုးစရိတ်အတွက် အဓိကလိုအပ်တဲ့ ချေးငွေကိစ္စမှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေက မြို့ပေါ်ကို အကြောင်းအမျိုးမျိုးကြောင့် သွားလာလို့မရတဲ့အတွက် အပြင်မှာ အတိုးနှုန်းကြီးမြင့်တဲ့ငွေတွေနဲ့ ချေးငှားပြီးမှသာ လယ်ယာလုပ်ငန်းကို ဆက်လုပ်နေကြရပြီး တချို့မှာမလုပ်ကိုင်နိုင်ဘဲ ပစ်ထားရတဲ့လယ်တွေ ရာနဲ့ချီပြီးရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေသြဇာဝယ်ယူဖို့အတွက် လမ်းခရီးတွေမှာ စစ်တပ်ဂိတ်တွေက တားဆီးတာကြောင့် လယ်သမားတွေမှာ အချိန်မီအသုံးမပြုနိုင်ဘဲ စပါးအထွက်နှုန်းနည်းလာရတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ကုန်ဈေးနှုန်းတွေက အဆမတန် ကြီးလာတာကြောင့် လယ်သမားတွေမှာ ရသမျှ ဝင်ငွေနဲ့ ကုန်ကျစရိတ် မမျှတတော့ဘဲ အရှုံးပေါ်ကာ အကြွေးနွံထဲ ပိုမိုနက်ရှိုင်းလာမဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

လယ်သမား ဦးခင်ဇော်က “ကျနော်တို့ဘက်မှာ ကုန်ဈေးနှုန်းက တောက်လျှောက်တက်နေတဲ့ အနေအထား။ လက်တွေ့အခြေအနေအရဆိုရင် ဒီ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ကိုယ်တိုင်ပဲဗျာ။ ရှေးတနှစ်ထဲမှာ စပါးတတင်းကို ၁၄,၀၀၀- ၁၅,၀၀၀ လောက်အထိ ပေါက်သေးတယ်။ ပြီးခဲ့တဲ့နှစ်ကျမှ ၈,၀၀၀- ၈,၅၀၀ ဖြစ်သွားတယ်။ ဒါတွေက အဝယ်တော်တွေကနေပြီးရင် စီးပွားရေးသမားတွေက ဘယ်လိုပုံစံမျိုးချုပ်ထားတဲ့ဆိုတာ ပြောမတတ်ဘူး။ ဆီတဘူးကို ၈,၀၀၀- ၁၀,၀၀၀ ဖြစ်တယ်။ ကျနော်တို့ စပါးတတင်းကျတော့ ၈,၀၀၀ ပဲဖြစ်နေတယ်ဆိုတော့ လယ်သမားတွေဘဝမှာ ကျနော်တို့မှာ အခက်တွေ့တာပေါ့ဗျာ။ တခါတလေဆိုရင် ငရုတ်သီးစိမ်း တပုံးနဲ့ စပါးတတင်းမရတဲ့ ကာလတွေလည်း ရောက်လာသေးတယ်။ ကျနော်တို့လယ်သမားတွေမှာ ခက်ခဲတယ်။ အရှူံးပြတာပေါ့ဗျာ။ ကုန်ဈေးနှုန်းအနေအထားမှာ ပုံမှန်တက်နေတဲ့အနေအထားမျိုး ကျနော်တို့ စပါးတတင်းမှာလည်း ပုံမှန်လည်ပတ်ပြီးသွားခိုင်းစေချင်တယ်။ ထိုက်သင့်သလောက် ပုံစံမျိုးပေါ့။ တအားချိုးနှိမ်ပြီးတော့ မနှိမ်ခိုင်းစေချင်ဘူး။ စီးပွားရေးဘာပဲဖြစ်ဖြစ် ဒီပုံစံမျိုးပဲ သွားချင်တယ်။ အခုကာလမှာတော့ ကျနော်တို့လယ်သမားတွေကအခက်တွေ့ရိုးအမှန်ပဲ”လို့ ပြောပါတယ်။

မှော်ကြောင်းကျေးရွာမှာ လယ်ဧကပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး ကိုယ်ထူကိုယ်ထ တမံပြုပြင် နေရတာတွေ၊ မိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်မရလို့ အတိုးနဲ့ချေးပြီး လုပ်ကိုင်နေရတာတွေ၊ အပြင်ကုန်ဈေးနှုန်းကြီးပေမဲ့ စပါးဈေးမရမှုတွေကြောင့် မှော်ကြောင်းရွာက လယ်သမားတွေဟာ အခုနှစ် စိုက်ပျိုးရာသီမှာ ရပ်တည်ရေးအတွက် အထူး ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013