
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ အုပ်စုက သောင်းနဲ့ချီတဲ့ ရေဘေးသင့်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးပေါ် လိုအပ်နေတယ်လို့ ရေဘေးသင့် ဒေသခံတွေထံက သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ စက်တင်ဘာလ ၂၅ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် တနင်္သာရီမြစ်ရေလည်း မြင့်တက်လာခဲ့ကာ အောက်တိုဘာ ၁ ရက် ညနေ ၆ နာရီအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် ၁၇ ပေကို ကျော်လွန်ကာ ၃၀ ပေ ၆ လက်မအထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။
တနင်္သာရီမြစ်ရေ မြင့်တက်လာတာကြောင့် တနင်္သာရီမြို့ပေါ် အပါအဝင် မော်တုန်း၊ ပဝ၊ လယ်သစ်၊ သရဖုံ၊ ဘန်လော၊ သိန္ဓော၊ သာရဘွင်နဲ့ တကူ ကျေးရွာအုပ်စုတွေအတွင်းရှိ သောင်းနဲ့ ချီတဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာ တောင်ကုန်းမြင့်တွေထံ ရွှေ့ပြောင်း နေထိုင် နေကြရပြီး လက်ရှိမှာ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေတာ ဖြစ်ပါတယ်။
ရေဘေးသင့်ပြည်သူတယောက်က "လက်ရှိ အခြေအနေကတော့ ရေက အဆမတန် စိုးရိမ်ဖွယ်ရာ တက်လာတာပါ။ အခု ပဝ၊ လယ်သစ်၊ သရဖုံ (အရှေ့/အနောက်)၊ မော်တုန်း အပါအဝင် ပဝ တကွင်လုံးပေါ့။ တနင်္သာရီ တမြို့နယ်လုံးလိုလိုပါပဲ။ အခုဆိုရင် တော်တော်များများ တောင်ကုန်းပေါ်ကို အကုန်ပြောင်းနေကြရတယ်။ အခက်အခဲကတော့ စားဝတ်နေရေးပါပဲ။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် စတာတွေ ဝယ်ရစားရတာ အရမ်း ပင်ပန်းပါတယ်။ လမ်းကြောင်း တွေမှာဆိုရင်လည်း မြိတ်လမ်းကြောင်းဘက်က ပသောင်းတို့ ကြေးနန်းတိုင် တံတားတို့မှာ ပစ္စည်းတင်လာရင် လူမပါရင် အကုန် ဆွဲချထားခဲ့တယ်။ ဘာမှလည်း ပေးမတင်ဘူး။ ဒီမှာ ဒုက္ခတွေ ဖြစ်နေကြပါပြီ။ ဒီတနှစ်ထဲမှာတင် ရေကြီးတာ ၃ ကြိမ် ဖြစ်သွားပါပြီ၊ ဒီတကြိမ်ကတော့ ပိုပြီး ပြင်းထန်ပါတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေအတွင်း ရေကြီးနေတဲ့ဒေသတချို့ကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်လေးဖြတ် ပြုလုပ်ထားပါတယ်။
လက်ရှိ တချို့ကျေးရွာအုပ်စုတွေက ရေဘေးသင့် ပြည်သူတွေဟာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေရလို့ တောင်ပေါ်ရေနဲ့ မိုးရေကို အဓိကထား သောက်သုံးနေကြရပါတယ်။
ဆက်လက်ပြီး တနင်္သာရီမြစ်ရေ ထပ်တိုးလာရင် ရေဘေးသင့် ပြည်သူတွေ ပိုမို ဒုက္ခ ကြုံတွေ့ ရနိုင်တယ်လို့ ရေဘေးသင့် ဒေသခံတယောက်က ပြောပါတယ်။
"တလျှောက်လုံးပါပဲ အစ်ကိုရေ။ အနီးစပ်ဆုံးပြောရရင် သရဘွင်မှာဆိုရင် အရှေ့ကမ်း တံတား မြုပ်သွားပါပြီ။ ပြည်အေးရပ်ကွက် တော်တော်များများမှာလည်း ရေကျော်နေပါတယ်။ ဒီတရက် နှစ်ရက်တော့ ထပ်စောင့်ကြည့်ရပါဦးမယ်။ တကယ်လို့ ရေထပ်တိုးမယ်ဆိုရင် ဒီထက်ပိုပြီး ရေကြီးမဲ့သဘော ရှိပါတယ်။ ရုတ်တရက် မြစ်ရေထပ်တိုးလာရင် ရွာသူရွာသားတွေ ပိုပြီး ဒုက္ခကြုံရနိုင်မယ်လို့ထင်ပါတယ်။ စားဝတ်နေရေးကတော့ ဒီလိုပဲ ဆက်ပြီး ဖြေရှင်းနေကြ ရတာပါ။ သယ်ယူပို့ဆောင်ရေးကတော့ ကြောလုံး ရေကြီးနေတာမို့ အခက်အခဲတွေ ရှိပါတယ်။"
ရေကြီးရေလျှံမှုတွေကြောင့် တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းမှာ မြစ်ရေကျော်နေတဲ့အတွက် ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းသွားလာလို့မရဘဲ ပိတ်မိနေပါတယ်။
အခုရေကြီးရေလျှံမှုကြောင့် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ တနင်္သာရီ မြို့နယ်တို့မှာ အိမ်ခြေ ၃,၀၀၀ ကျော်၊ လူဦးရေ ၂၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။
အောင်ခန့်










