DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်ရေဘေး ထောက်ပံ့ကြေး စပေး၊  စီမံခန့်ခွဲမှုအားနည်းသဖြင့် ပြည်သူများ အခက်တွေ့ 
DVB
·
October 19, 2026
Photo: ဘန်ကောက်ဒေသခံ
Photo: ဘန်ကောက်ဒေသခံ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက သီတင်းတပတ်ကြာ ရေကြီး‌ရေလျှံမှု ဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေအတွက် အစိုးရက ထောက်ပံ့ကြေးတွေ စပေးနေရာမှာ ရေဘေးသင့် ပြည်သူတွေက တန်းစီ စောင့်ဆိုင်းနေကြရပါတယ်။

ထောက်ပံ့ကြေးတွေမှာ ထိခိုက်ဒဏ်ရာရသူ (အတွင်းလူနာ/ပြင်ပလူနာ)၊ သေဆုံးသူ အသုဘစရိတ်၊ နေအိမ်တစိတ်တပိုင်းပျက်စီးမှု၊ တအိမ်လုံးပျက်စီးမှု၊ လုပ်ငန်းသုံးပစ္စည်းပျက်စီးမှု၊ အိမ်ရာမဲ့သွားလို့  လတ်တလော အိမ်ငှားခ၊ ရေလွှမ်းမိုးမှုခံခဲ့ရတဲ့ ကြာချိန် (ရက်ပေါင်း) စတဲ့ အခြေအနေ အမျိုးမျိုးပေါ် မူတည်ပြီး ထောက်ပံ့ကြေးအမျိုးမျိုး သတ်မှတ်ထားပါတယ်။

ရေဘေးသင့်ပြည်သူတွေရဲ့ အခြေခံစားဝတ်နေရေးအတွက် တအိမ်ထောင်စုကို ဘတ် ၉,၀၀၀ ထိနဲ့ အိမ်ပြုပြင်စရိတ် အမြင့်ဆုံး ဘတ် ၈၈,၆၀၀ ထိ ထောက်ပံ့ကြေးရရှိမှာဖြစ်ကြောင်း ထိုင်းအစိုးရ ဝန်ကြီးများရုံးရဲ့ အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အွန်လိုင်းမှတဆင့် မှတ်ပုံတင်ရာမှာ နည်းပညာအခက်အခဲ၊ ဘဏ်မှငွေလွှဲမှု အခက်အခဲတွေကြောင့် မြေပြင်က ကယ်ဆယ်ရေးဌာနတွေမှာ ကိုယ်တိုင်သွားရောက်မှတ်ပုံတင်သူတွေ၊ ထောက်ပံ့ကြေး သွားထုတ်သူတွေ အလွန်များပြားပြီး တိုကင်ပြားရဖို့ အောက်တိုဘာ ၁၇ ရက် ညသန်းခေါင်ကျော် ၁၈ ရက် မနက် မိုးမလင်းခင်ကတည်းက သွားတန်းစီနေကြတယ်။

တချို့နေရာမှာ မနက် ၆ နာရီခွဲလောက်ကတည်းက တိုကင်ပြားကုန်သွားတယ်၊ မနက် ၂-၃ နာရီကတည်းက လာစောင့်ရသူတွေ အချည်းနှီးဖြစ်သွားတယ်။ တချို့နေရာမှာတော့ မနက် ၁၀ နာရီ လောက်မှာ တိုကင်ပြားကုန်တယ်၊ ဝန်ဆောင်မှုပေးနိုင်တဲ့ ဦးရေမှာ နယ်မြေ အခြေအနေကိုလိုက်ပြီး တနေ့ ဘတ် ၅၀၀ - ၆၀၀ - ၁,၀၀၀ စသဖြင့် ထောက်ပံ့ကြေး ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

ရေဘေးဒုက္ခ ကြုံခဲ့ရတင်မကဘဲ တိုကင်ပြားလာထုတ်ယူရတဲ့ ဒုက္ခက ထပ်ကြုံရပြန်တယ်၊ အစိုးရက ပြည်သူတွေရဲ့ သည်းခံနိုင်မှုစွမ်းရည်ကို စမ်းသပ်နေတာလားလို့လည်း ညည်းညူနေကြတယ်လို့ ထိုင်းသတင်းအင်တာဗျူးတွေမှာ ဖော်ပြပါတယ်။

အထောက်အပံ့ရယူမဲ့ အိမ်ထောင်စုတွေဟာ ထုတ်ပြန်ကြေညာထားတဲ့ ဝက်ဘ်ဆိုက် www.ThaiNatCat.Org  လိုင်း  LINE OA @Thainatcat  ဗဟိုဖုန်း Call Center 0 2012 5555  ဒါမှမဟုတ် သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေးရုံးတွေမှာ ဖွင့်ထားတဲ့စခန်းတွေမှာ မှတ်ပုံတင်ရမှာ ဖြစ်တယ်။

မှတ်ပုံတင်ရာမှာ ရေဘေးကြုံစဉ် သက်ဆိုင်ရာကို ကနဦး တိုင်ကြားထားတဲ့ အထောက်အထား၊ အိမ်လိပ်စာ၊ အိမ်ထောင်စုစာရင်း၊ အမျိုးသားမှတ်ပုံတင်ကတ်ပြားနဲ့ ရေဘေးကြုံစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံ / ဗွီဒီယို သက်သေအထောက်အထား၊ ဆုံးရှုံးမှုစာရင်းတွေနဲ့အတူ တင်ပြရမှာလည်း ဖြစ်တယ်။

၂၀၂၆ စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း ဘန်ကောက်ခရိုင် နယ်မြေ ၅၀ မှာ ရေကြီး ရေလျှံမှုကြောင့် အိမ်ထောင်စု ၃၂၉,၀၀၀ မှ လူဦးရေ ၇၀၀,၀၀၀ ထက်မနည်း ရေဘေးသင့်ခဲ့ရကာ ဆုံးရှုံးမှုပမာဏ ဘတ်သန်းပေါင်း ၁၁,၀၀၀ ကျော်ရှိတယ်လို့ ဘန်ကောက်မြို့တော်ဝန်ရုံးက ခန့်မှန်းထားပါတယ်။

ရေဘေးထောက်ပံ့ကူညီမှုမှာ အစိုးရအနေနဲ့ ရန်ပုံငွေ ဘတ်သန်းပေါင်း ၄,၇၀၀ ကျော် သုံးစွဲပြီးဖြစ်တယ်၊ ဒါပေမဲ့ ထောက်ပံ့ကြေးမရသေးတဲ့ ပြည်သူတွေ ကျန်ရှိနေသေးတယ်၊ ဒါကြောင့်  ၂၀၂၇ နှစ်လယ်ပိုင်း ဘတ်ဂျက်နှစ်အတွက် လျာထားတဲ့ ရန်ပုံငွေ ဘတ်သန်းပေါင်း ၉၉,၀၀၀ ထဲက ထုတ်ယူသုံးစွဲဖို့ ပြင်ဆင်နေတယ်၊ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြပါနဲ့လို့ အစိုးရဝန်ကြီးများရုံး ဝန်ကြီး နိုင်းဖရာဒွန်းပရိဆနာနန်ထကွန်းက အောက်တိုဘာ ၁၉ ရက် မနက်မှာ ထုတ်ပြန်ပြော ပါတယ်။

Source: One News / Thai PBS / Khaosod / Thairath

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013