
ကရင်ပြည်နယ်၊ ဖာပွန်(ဒွယ်လိုး) မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စုမှာ စစ်ရှောင်နေတဲ့ ကျေးရွာတွေကို ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်တပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅၊ မူတြော်ခရိုင်(ပြောခွင့်ရ) ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒွယ်လိုးမြို့နယ်၊ ထီးလော်သီထာကျေးရွာက စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၁၂ လုံး ပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က မေ ၅ ရက်ကစပြီး စစ်ရေးအရ မဟာဗျူကျတဲ့ ဖာပွန်ဗျူဟာနဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး လူအင်အား ၂,၀၀၀ နီးပါးနဲ့ ဖာပွန်ကားလမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာပါ။
လက်ရှိမှာ ဖာပွန်မြို့နယ်၊ ကမမောင်း-ဖာပွန်သွားလမ်းပေါ်က ကတိုင်တိကျေးရွာကို ကျော်လွန်ပြီး ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ ကျော်လောက်သာ လိုတော့တဲ့ ဘုရားကုန်းကို ရောက်ရှိနေပြီး ရှေ့ဆက်မတိုးနိုင်အောင် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေပါတယ်။
ဇူလိုင် ၁၆ ရက် မနက်ပိုင်းက စစ်အာဏာရှင်စစ်ကြောင်းတွေ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း လေကြောင်းအပြင် မြေပြင်ကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် အနီးအနားကကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရသူ ပဒိုစောထိုရော်ဘင်က “ကားလမ်းမကြီးကို အခြေခံပြီး အနောက်ဘက်စစ်ကြောင်းက တအားတွန်းတာ။ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ တောက်လျှောက်ဖြစ်တယ်။ ဒါပေမဲ့ တိုးလို့ မရဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်စစ်ကြောင်းတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာအပြင် ဝေဟင်နဲ့ မြေပြင်ကနေ နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ နေအိမ်တွေ ပျက်စီးတာ၊ အိမ်မွေးတိရစ္ဆာန်တွေ သေကျေဒဏ်ရာတာတွေ ရှိတယ်လို့ တာဝန်ရှိသူဆီက သိရပါတယ်။
အောင်ခန့်










