DVB Logo
Home
Lead Story
စစ်အာဏာရှင်ကို  ဖိတ်ခေါ်သည့်ကိစ္စ ထိုင်းလွှတ်တော်အမတ်ဟောင်း ကန့်ကွက်ရှုတ်ချ
DVB
·
August 6, 2026
Photo: Kannavee Suebsang
Photo: Kannavee Suebsang
Donate to DVB

စစ်အာဏာရှင် မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်မဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အလေးအနက် ပြန်စဉ်းစားသုံးသပ်ဖို့ ထိုင်းဝန်ကြီးချုပ် အနုထင်းနဲ့ ထိုင်းအစိုးရဆီကို Fair Party လွှတ်တော်အမတ်ဟောင်း လူ့အခွင့်အရေးတက်ကြွလှူပ်ရှားသူ ကန်နာဝီစိုက်ပ်ဆဲန်းက တိုက်တွန်းလိုက်ပါတယ်။

သူ့အနေနဲ့ စစ်ခေါင်းဆောင်ရဲ့ ရက် ၁၀၀ မူဝါဒ မိန့်ခွန်းကို နားထောင်ပြီးတဲ့နောက် ထိုင်းနိုင်ငံအနေနဲ့ သူ့ရဲ့ခရီးစဉ်ကို လက်မခံဘဲ ပယ်ဖျက်သင့်တဲ့အကြောင်း အချက်အလက်နဲ့တကွ ထောက်ပြထားခဲ့တာပါ။

ကန်နာဝီစိုက်ပ်ဆဲန်းက “ဩဂုတ် ၆ ရက်ကနေ ၇ ရက်အထိ ပြုလုပ်မဲ့ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ် မတိုင်မီ အပြည်ပြည်ဆိုင်ရာ လူထုဆီကို သူ ဘယ်လိုသတင်းစကား ပေးချင်တာလဲ ဆိုတာကို သိချင်တာကြောင့် ဇူလိုင် ၃၁ ရက်နေ့မှာ မြန်မာ့လွှတ်တော်မှာ ပြောကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ မူဝါဒ မိန့်ခွန်းကို ကျနော် သေချာဂရုစိုက်ပြီး ဖတ်ခဲ့ပါတယ်။ ဖတ်လေလေ လက်ခံဖို့ ပိုမိုခက်ခဲလေလေ ဖြစ်ခဲ့ရပြီး ထိုင်းအစိုးရအနေနဲ့ ဒီခေါင်းဆောင်ကို ကြိုဆိုမဲ့ကိစ္စကို အလေးအနက် ပြန်စဉ်းစားသင့်တယ်လို့ ကျနော် ပိုပြီး ယုံကြည်လာခဲ့ပါတယ်။ သူ့မိန့်ခွန်းတခုလုံးမှာ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးဆီ ဦးတည်သွားစေနိုင်မဲ့ စစ်မှန်တဲ့ ပြောင်းလဲမှု လက္ခဏာမျိုး လုံးဝနီးပါး မတွေ့ရပါဘူး။ အဲဒီအစား လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ပြည်သူ့ဆီကနေ အာဏာလုယူခဲ့ပြီးတည်းက မြန်မာပြည်သူ အမြောက်အမြား အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူသန်းနဲ့ချီ ထွက်ပြေးခဲ့ရသလို အထူးသဖြင့် ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေအပေါ် ကြီးမားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်စေခဲ့တဲ့ လမ်းကြောင်းဟောင်းအတိုင်းပဲ ဆက်သွားမယ်လို့  အတည်ပြုလိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ အံ့ဩရဆုံး ဖြစ်စေခဲ့တာကတော့ စစ်အာဏာရှင် မင်းအောင်လှိုင်က အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လက်မခံဘူးလို့ ပေါ်ပေါ်တင်တင် ကြေညာခဲ့ပြီး အာဆီယံဟာ မြန်မာနိုင်ငံအပေါ် "ခွဲခြားဆက်ဆံတဲ့ အရေးယူမှုတွေ" လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့တာပဲ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

“ကျနော် ထိုင်းအစိုးရကို တိုက်ရိုက် မေးချင်ပါတယ်။ မြန်မာခေါင်းဆောင်က အာဆီယံ ခေါင်းဆောင်တိုင်း စုပေါင်းသဘောတူထားတဲ့ မူဝါဒတွေကို တောက်လျှောက် ငြင်းပယ်နေမယ်ဆိုရင် ထိုင်းနိုင်ငံက သူ့ကို ဘာဖြစ်လို့ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမှာလဲ။ အတော်များများက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်မစွက်ဖက်ရေး မူဝါဒကို ကိုးကားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ ကျနော် ပြန်မေးပါရစေ။ ခင်ဗျားတို့ရဲ့ ပြည်တွင်းပြဿနာတွေဟာ နယ်စပ်ကို ကျော်လွန်လာပြီး အိမ်နီးချင်းနိုင်ငံတွေအပေါ် ကြီးမားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖန်တီးနေတဲ့အခါ မမြင်ချင်ယောင်ဆောင်နေလို့ ဘယ်လိုလုပ်ရမလဲ။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံပေးထားတာ ၄၂ နှစ်ကျော် ရှိနေပါပြီ။ ဒီနေ့မှာကိုပဲ ဒုက္ခသည် ၁ သိန်းနီးပါးဟာ ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်းတွေမှာ ရောက်ရှိနေတုန်း ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးလာသူ ရာပေါင်းများစွာ၊ မြန်မာနိုင်ငံထဲက ပြည်တွင်းနေရပ်စွန့်ခွာသူ သန်းနဲ့ချီနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်ကို ထည့်မတွက်ရသေးပါဘူး။”

ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက် မဟုတ်တော့ကြောင်းနဲ့ ဒါဟာ ထိုင်းနိုင်ငံနဲ့ အာဆီယံ တခုလုံးရဲ့ အမျိုးသားလုံခြုံရေးပြဿနာ ဖြစ်တယ်လို့လည်း ကန်နာဝီစိုက်ပ်ဆဲန်းက ထောက်ပြလိုက်ပါတယ်။

“ပိုပြီး ရှေ့နောက်မညီတာက မင်းအောင်လှိုင်ဟာ သူကပဲ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားတယ်လို့ ပြောဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အတော်များများနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကိုလည်း လက်နက်ချဖို့ တောင်းဆိုခဲ့တာပါပဲ။ ဒါပေမဲ့ လက်တွေ့ မြေပြင်ကတော့ လုံးဝ တခြားစီ ဖြစ်နေပါတယ်။ မြန်မာစစ်တပ်ဟာ မဆုတ်မနစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒေသအတော်များများမှာ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဆေးရုံတွေဟာ ပစ်မှတ်ထားခံနေရဆဲ ဖြစ်ပါတယ်။ မနှစ်က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီးနောက် အကူအညီလိုအပ်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်း တခုလုံးက အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ချိန်မှာတောင် ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ တိုက်လေယာဉ်တွေ၊ ဗုံးတွေနဲ့ လာတဲ့ ငြိမ်းချမ်းရေးဆိုတာ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ အဲဒီနောက်မှာ မဖြစ်မနေစစ်မှုထမ်းရမဲ့ ဥပဒေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ သူက ကြေညာခဲ့ပါတယ်။ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ အမျိုးသား၊ အမျိုးသမီးတွေကို စစ်ပွဲထဲ အတင်းအကျပ် ပို့ဆောင်နေချိန်မှာ သူတို့ ဘာလုပ်ကြမယ်လို့ မျှော်လင့်ထားပါသလဲလို့ ကျနော် ရိုးရိုးသားသား မေးပါရစေ။ အများစုမှာ တိုင်းပြည်ကနေ ထွက်ပြေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိကြပါဘူး။ အဲဒီအခါ သူတို့ ဘယ်ကိုသွားကြမလဲ။ ထိုင်းနိုင်ငံဆီကိုပါ။ နောက်ဆုံးမှာတော့ ထိုင်းနိုင်ငံဟာ လူသားချင်းစာနာမှု အကူအညီ၊ အမျိုးသားလုံခြုံရေး၊ ဒုက္ခသည် စောင့်ရှောက်ရေးနဲ့ ထိုင်းနိုင်ငံ စတင်ခဲ့တာမဟုတ်တဲ့ အကျပ်အတည်းကို စီမံခန့်ခွဲရတဲ့ ဘဏ္ဍာရေးကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးရပါတယ်။”

ဒါ့အပြင် သူ လုံးဝ လက်ခံလို့ မရနိုင်ဆုံးအချက်ကတော့ အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်ပဲ ဖြစ်တယ်လို့ ပြောလိုက်ပြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ မတရားစွပ်စွဲခံနေရတာဖြစ်ပြီး ပါဝင်ပတ်သက်သူ ၇၅ ရာခိုင်နှုန်းဟာ အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် မြန်မာနိုင်ငံထဲ ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ပြောဆိုချက်ကို အမှန်အတိုင်း ယူဆလိုက်မယ်ဆိုရင် ဒါဟာ ဝန်ထုပ်ဝန်ပိုးနဲ့ တာဝန်ယူမှု  ၂ ခုလုံးကို ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအပေါ် လွှဲချလိုက်တာလို့ ကန်နာဝီစိုက်ပ်ဆဲန်းက ပြောလိုက်တာပါ။

“ဝမ်းနည်းစရာကောင်းတာကတော့ နယ်စပ်တလျှောက် နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ၊ လူကုန်ကူးမှုတွေ၊ အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခရဲ့ နောက်ဆက်တွဲတွေကို ထိုင်းနိုင်ငံက နှစ်ပေါင်းများစွာ ထမ်းပိုးခဲ့ရတာတောင်မှ အခုအခါ မြန်မာခေါင်းဆောင်က မြန်မာနိုင်ငံကို သားကောင်အဖြစ် ပုံဖော်ပြီး အိမ်နီးချင်းနိုင်ငံတွေကို ပြဿနာရဲ့ အမြစ်အဖြစ် အပြစ်ပုံချနေတာပါပဲ။ ပိုဆိုးတာက မင်းအောင်လှိုင်ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေဟာ "အရည်အသွေးနိမ့်ပါးတဲ့ ပညာရေး" နဲ့ "ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းမှု" တို့ကြောင့် ဖြစ်ရတာလို့ ပြောပြီး သူ့ပြည်သူတွေကို အပြစ်တင်ခဲ့တာပါ။ ဒါကို နားထောင်ရင်း ကျနော် မမေးဘဲ မနေနိုင်ခဲ့ပါဘူး။ ကလေးတွေကို ကျောင်းတက်ခွင့် မရအောင် ဘယ်သူက လုယူခဲ့တာလဲ။ စာသင်ကျောင်းတွေကို ဘယ်သူဗုံးကြဲခဲ့တာလဲ။ ဆရာ၊ ကျောင်းသားနဲ့ မိသားစုတခုလုံးကို အိမ်ရာစွန့်ခွာထွက်ပြေးအောင် ဘယ်သူက ဖိအားပေးခဲ့တာလဲ။ ဒီနေ့မှာလည်း သူဟာ သူ့ ပြည်သူတွေအပေါ် အပြစ်တွေကို လွှဲချနေတုန်းပါပဲ။ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။”

ဒီအကြောင်းပြချက်တွေ အားလုံးကြောင့် သူ့အနေနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရဆီ ဒီခရီးစဉ်ကို အလေးအနက် ပြန်လည်စဉ်းစားပေးဖို့ တိုက်ရိုက် သတင်းစကား ပါးချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကန်နာဝီစိုက်ပ်ဆဲန်းက “ကျနော်က ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ အဆိုပြုနေတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပါတယ်။ နယ်စပ်ရေးရာ၊ အမျိုးသားလုံခြုံရေး၊ ဒုက္ခသည်အရေး၊ မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေနဲ့ ၂ နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ကျနော်တို့ ဆက်သွယ်ဆွေးနွေးရပါမယ်။ ဒါပေမဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းသိမ်းထားတာဟာ ခေါင်းဆောင်တိုင်းကို နိုင်ငံရေးအရ တရားဝင်မှု ပေးရမယ်လို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။ ကောင်းမွန်တဲ့ သံတမန်ရေးဆိုတာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရင်း မူဝါဒတွေကို ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ထိတွေ့ဆက်ဆံခွင့်ရဖို့အတွက် မူဝါဒတွေကို လဲလှယ်တာ မဟုတ်ပါဘူး။ မူဝါဒမရှိဘဲ ထိတွေ့ဆက်ဆံတာဟာ သံတမန်ရေး မဟုတ်ပါဘူး။ ဒါဟာ ထိတွေ့ဆက်ဆံခွင့်ရဖို့အတွက် မူဝါဒတွေကို စွန့်လွှတ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အလွန်ဂရုစိုက်ရပါမယ်။ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ လိုအပ်ချက်ကို သွေးစွန်းနေတဲ့ လက်တွေကို သန့်ရှင်းသွားပုံပေါ်အောင် ဆေးကြောပေးဖို့အတွက် အကြောင်းပြချက် မဖြစ်စေရပါဘူး။ ကမ္ဘာကြီးက စောင့်ကြည့်နေတာဟာ ထိုင်းနိုင်ငံက မင်းအောင်လှိုင်ကို ဘာပြောမလဲဆိုတာသာမကဘဲ ထိုင်းနိုင်ငံက သူ့ကို နိုင်ငံရေးအရ တရားဝင်မှု ပေးနေသလား ဆိုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ ဩဂုတ် ၆ ရက် မနက်က ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး ၂ ရက်ကြာ ခရီးစဉ်မှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013