DVB Logo
Home
Lead Story
TIME ကိုပင် ကျေးဇူးတင်သင့်လှ၊ ကရုဏာ ဆိုသည်က မည်သည့် အဓိပ္ပာယ်နည်း
လှစိုးဝေ
·
October 1, 2026
TIME ကိုပင် ကျေးဇူးတင်သင့်လှ၊ ကရုဏာ ဆိုသည်က မည်သည့် အဓိပ္ပာယ်နည်း
Donate to DVB

အကယ်၍သာ TIME မဂ္ဂဇင်းသည် စစ်အာဏာရှင်မင်းအောင်လှိုင်၏ အင်တာဗျူးကို အစမှ အဆုံးအထိသာ ပုံနှိပ် ဖော်ပြပေးလိုက်မည်ဆိုလျှင်  စစ်ခေါင်းဆောင်၏ အတွေးအခေါ် မည်မျှအထိ လွဲမှား၍ သုံးစားမရ ဖြစ်နေသည်ကို နိုင်ငံတကာက သိရှိသွားကြ၍ ယခုထက် ပို၍ပင် အရှက်တကွဲ ဖြစ်ရပေတော့မည်။

မင်းအောင်လှိုင်အဖို့က သူ၏ ဘဝတသက်တာတွင် TIME မဂ္ဂဇင်းကို တခါမျှပင် လှန်လှောကြည့်ဖူးပုံ မရပေ။ အကယ်၍သာ တချက်‌လောက် လှန်လှောကြည့်ခဲ့ဖူးမည် ဆိုက သူလိုချင်သည့် ပုံစံအတိုင်း တလုံးမကျန် ပြန်လည်ဖော်ပြမည်မဟုတ် ဆိုသည်က သိနှင့်ပြီး ဖြစ်ပေလိမ့်မည်။

တကယ်တော့ ချာလီ ကမ်းဘဲလ်သည် သတင်းထောက်သက်သက်သာ မဟုတ်၊ TIME မဂ္ဂဇင်း၏ စင်ကာပူ ဗျူရိုအကြီးအကဲလည်း ဖြစ်ပေသည်။

မစ္စတာ ကမ်းဘဲလ်က “Future of Myanmar” ခေါင်းစဉ်ဖြင့် အင်တာဗျူး လုပ်ခွင့်ရရန် တောင်းဆိုခဲ့သော်လည်း မင်းအောင်လှိုင် ပြောသွားသမျှတွင် မြန်မာ၏ အနာဂတ်နှင့် ပတ်သက်၍ တခုတလေမျှပင် ပါရှိမလာသည့်အပြင် ကိုယ့်ကိုယ်ကို ကရုဏာရှင်ကြီးအဖြစ် ပုံဖော် ကိုယ်ရည်သွေးမှုများ၊ လိုလားချက်များသာ ပြောဆိုသွား၍ မူလရည်ရွယ်ထားသော ခေါင်းစဉ်အစား ၎င်းပြောသမျှနှင့် အကိုက်ညီဆုံးဖြစ်သည့် “မြန်မာစစ်အာဏာရှင်သည် အနောက်အုပ်စုနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုနေသည်” ဟုသာ ခေါင်းစဉ်ပေးလိုက်ရခြင်း ဖြစ်ပေမည်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူအများစုက မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည် အပေါ်  “သက်ညှာသည်” ဆိုသော စကားလုံးနှင့် “မြန်မာ့ဒီမိုကရေစီ” အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် လူမှုကွန်ရက်များတွင် ပြင်းပြင်းထန်ထန် ဝေဖန် လှောင်ပြောင်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အင်မတန်မှ သက်ညှာထားရပါသည် ဆိုသည်ကို မြန်မာနှင့် ပတ်သက်၍ စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူ၊ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်သည့် အလန် ကလီးမင့်က DVB တွင် ယခုလို ရေးသားခဲ့သည်။

“ဒီစကားလုံးတွေထဲမှာ ရင်နင့်စရာကောင်းလောက်အောင် ပြောင်းပြန်လှန်ပစ်ထားတဲ့ အဓိပ္ပာယ်တွေ ကိန်းအောင်းနေပါတယ်။ မိမိတို့ရဲ့ စစ်တပ်က မြန်မာ့မဲဆန္ဒရှင်ပြည်သူတွေ တခဲနက် ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ကို ဖမ်းဆီးထောင်ချထားပြီး အခုအခါမှာတော့ အဲဒီခေါင်းဆောင်ကို ဆက်လက်ထိန်းသိမ်းထားခြင်းဟာ မိမိရဲ့ သည်းခံချုပ်တည်းမှုကို ပြသရာ ရောက်တယ်လို့ အဲဒီစစ်ဗိုလ်ချုပ်က ဖော်ပြပြောဆိုနေခြင်းပဲ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သော အဖွဲ့အစည်းက ဒီမိုကရေစီဟု ဆိုလာသည်။ ဖမ်းဆီးထားသူက တနေ့နေ့တွင် ထောင်တံခါးဖွင့်ပေးနိုင်မည့် ၎င်း၏ ကရုဏာတရားအပေါ် အသိအမှတ်ပြု ချီးကျူးရန် တောင်းဆိုနေခြင်းပင် ဖြစ်သည်ဟု မင်းအောင်လှိုင်၏ ကပြောင်းကပြန် ယုတ္တိဗေဒနှင့် ဟန်ဆောင်မှုများကို ပြင်းပြင်းထန်ထန် သရော် ရှုတ်ချထားခဲ့သည်။

ဆက်လက်ရေးသားထားသည်မှာ မင်းအောင်လှိုင်ကို သမိုင်းကြောင်း၏ အပြင်ဘက်တွင် ရှိနေသော “ဘီလူးတကောင်” အဖြစ်သာ မသတ်မှတ်လို။ ထိုသို့ သတ်မှတ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာအရ ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဉာဏ်ပညာပိုင်းအရမူ မလုံလောက်ဟု ဆိုသည်။

အာဏာရှင်စနစ်များသည် အခြားဂြိုဟ်တခုမှ ဆင်းသက်လာကြသည် မဟုတ်ဘဲ  သမိုင်းကြောင်းများ၊ အဖွဲ့အစည်းများ၊ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာသော ကြောက်ရွံ့မှုများ၊ စုပေါင်းခံစားခဲ့ရသော ဒဏ်ရာများ၊ အယူဝါဒများနှင့် လူသားများထဲမှ ပေါ်ပေါက်လာကြသည်။

ထိုအာဏာကပင် မိမိပြုလုပ်သည့် အမှား၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုများကိုပင် “လိုအပ်လို့ လုပ်ရတာ၊ အမျိုးသားအကျိုးအတွက် လုပ်ရတာ” စသဖြင့် မိမိကိုယ်တိုင် အကြောင်းပြချက်ပေးပြီး တရားမျှတသလို ဖြစ်အောင် ဖန်တီးလာခဲ့မှုသည် စိတ်ဝင်စားစရာ ဖြစ်လာရသည်။

ဗိုလ်နေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှစ၍ မျိုးဆက်ပေါင်းများစွာသော စစ်သားများသည် နိုင်ငံတော်အတွင်း ပါဝင်သူ အဖွဲ့အစည်းတခုမျှသာ မဟုတ်ဘဲ နိုင်ငံတော်အတွက် မရှိမဖြစ် လိုအပ်သော အုပ်ထိန်းကာကွယ်သူအဖြစ် ပညာသင်ကြား လေ့ကျင့်ပျိုးထောင်ခံခဲ့ကြရသည်။

ထိုသို့သော အခြေအနေများအောက်တွင် အာဏာလွှမ်းမိုးချုပ်ကိုင်မှုသည် တဖြည်းဖြည်းနှင့် “တာဝန်” ဟု ဖြစ်လာသည်။ ၎င်းတို့၏ အကြမ်းဖက်မှုသည် “လုံခြုံရေး” ဖြစ်လာသည်။ ၎င်းတို့နှင့် သဘောထားကွဲလွဲမှုသည် “အကြမ်းဖက်ဝါဒ” ဖြစ်လာသည်။ ၎င်းတို့အပေါ် ရိုကျိုးနာခံမှုသည် “မျိုးချစ်စိတ်” ဖြစ်လာသည်။

နောက်ဆုံးတွင် မိမိ၏အာဏာကို ကာကွယ်နေသော အဖွဲ့အစည်းသည် မိမိကိုယ်မိမိ ကာကွယ်ခြင်းနှင့် နိုင်ငံကို ကာကွယ်ခြင်းတို့အကြား ခွဲခြားသိမြင်နိုင်စွမ်း  ပျောက်ဆုံးသွားခဲ့ရသည်။

ထိုသို့သော အခြေအနေများကြားတွင် ၎င်း၏ သက်ညှာပေးထားသည် ဆိုသော စကားအား ဆန်းစစ်ကြည့်ဖို့ လိုအပ်လာခြင်းပင် ဖြစ်သည်။

အကျဉ်းသားဖြစ်နေသူ အမျိုးသမီးကြီးသည် ဒီမိုကရေစီနည်းလမ်းအရ ပြည်သူများက အပ်နှင်းလာသည့် အာဏာရရှိလာခဲ့သည့် နိုင်ငံရေးစနစ်ကို ဖျက်ဆီးပစ်ခဲ့သူများက ‘ညှာတာပေးခဲ့တယ်’ ဟု  ပြောလာသည့်အခါတွင်တော့ ၎င်းတို့၏ ‘ညှာတာမှု’ ဆိုသည်က တကယ်တမ်း ဘာကိုဆိုလိုသနည်း။

အကျဉ်းချထားသူက ၎င်း၏အကျဉ်းသားသည် လွှတ်ပေးနိုင်လောက်အောင် ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့်အပေါ် မူတည်သည်ဟု ပြောလာသည့်အခါ “သက်ညှာမှု"  ဆိုသည်က ဘယ်လိုများ အဓိပ္ပာယ်ရှိတော့ပေမည်နည်း။

ရွေးကောက်ပွဲရလဒ်ကို မနှစ်သက်ပါက လက်နက်အင်အားသုံးပြီး ဖျက်ဆီးပစ်သည့်အခါတွင်တော့ ရွေးကောက်ပွဲကို ၎င်းတို့ မည်သို့ ယူဆနေသည်က ပေါ်လွင်ထင်ရှားနေပေသည်။

အကျဉ်းချထားခြင်းကို “ကရုဏာ” ဟူ၍ပင်  အမည်ပြောင်း ပြောဆိုလာသည့်အခါ ထိုစကား၏ အဓိပ္ပာယ်ကို ၎င်းတို့ မည်သို့ ခံယူထားကြပေသနည်း။

အထက်တွင် ဖော်ပြခဲ့သလို အကျဉ်းချထားခြင်းကိုပင် ကရုဏာတရား၊ နိုင်ငံရေးအရ ဖိနှိပ် အုပ်ချုပ်နေခြင်းကို လုံခြုံရေး၊ ၎င်းတို့အပေါ် ကျိုးနွံမှုအား မျိုးချစ်စိတ်ဟုပင် အဓိပ္ပာယ် ဖွင့်ဆိုလာသည်အထိ ဖြစ်လာရသည်။

ဤသည်ကို ကြည့်မည်ဆိုက အာဏာရှင်သည် အမှန်တရားကို မည်သို့မည်ပုံ  ပြန်လည်နေရာချထား သတ်မှတ်တတ်ကြသည်ကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူမှုယဉ်ကျေးမှုကို ပုံသွင်းပေးခဲ့သော ဗုဒ္ဓဘာသာယဉ်ကျေးမှုတွင်  ဟီရိနှင့် ဩတ္တပ္ပ  ဟူသော အရည်အသွေးနှစ်ရပ် ရှိသည်။ ယင်းတို့မှာ မကောင်းမှုကိုပြုလုပ်ရန် ရှက်ရွံ့ခြင်း၊ မကောင်းမှုကို ပြုလုပ်လျှင် ဖြစ်လာမည့် အကျိုးဆက် ကြောက်ရွံ့စိုးရိမ်ခြင်းအပေါ် ဆိုသည့် ကိုယ်ကျင့်တရားဆိုင်ရာ ခံယူချက်ပင် ဖြစ်သည်။

ဤအရာများသည် အနောက်တိုင်းမှ တင်သွင်းလာသော အယူအဆများ မဟုတ်။ နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများလည်း မဟုတ်ပါ။ လူ့အခွင့်အရေးဟု ဟန်ဆောင်ထားသော ကိုလိုနီဝါဒလည်း မဟုတ်။

ယင်းသည် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် အစဉ်အလာ အမွေအနှစ်အတွင်း အမြဲလို  အမြစ်တွယ်လာခဲ့သော တန်ဖိုးများပင် ဖြစ်ပေသည်ဟု ရေးသားထားခဲ့သည်။

မင်းအောင်လှိုင်၏ စကားများကို ပြည်သူများက လှောင်ပြောင် သရော်လာခြင်း၏ နောက်ကွယ်တွင် ၎င်းတို့အုပ်စုကို ဖြုတ်ချမှ ဖြစ်မည်ဟု ခံယူထားကြသော ပြည်သူအများစုကို ဓားမိုး၍ အုပ်ချုပ်နေကြရပြီ ဖြစ်သည်ဆိုက ပို၍ပင် ပေါ်လွင် ထင်ရှားလာရပေသည်။

လှစိုးဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013