
ရန်ကုန်မှာ စားအုန်းဆီ ပြင်ပပေါက်စျေး တပိဿာ ကျပ် ၂၀,၀၀၀ ကျော်လာပြီး စျေးနှုန်း ထပ်မံမြင့်တက်လာမှာကို စားသုံးသူပြည်သူတွေ စိုးရိမ်နေကြပါတယ်။
စားအုန်းဆီပေါက်စျေးမှာ စက်တင်ဘာ ၂၁ ရက်က စပြီး တပိဿာကို ကျပ် ၂၀,၀၀၀၊ ၂၁,၀၀၀ အထိ ဖြစ်လာပြီး တချို့ဆိုင်တွေက ကျပ် ၂၂,၀၀၀ အထိ ရောင်းချတယ်လို့ တောင်ဒဂုံမြို့ခံ အိမ်ရှင်မတယောက်က ပြောပါတယ်။
“တပိဿာကို ကျပ် ၂၀,၀၀၀ ဖြစ်သွားတာ ၂ ရက် ၃ ရက်လောက်ပဲ ရှိသေးတယ်။ တချို့ဆိုင်တွေမှာ ၂၁,၀၀၀ ပေးဝယ်ရတယ်။ ပြည်တွင်းမှာက စျေးကတက်ပြီး ပြန်ကျဖို့ မလွယ်ဘူး၊ စျေးဆက်တက်လာမှာကိုပဲ စိုးရိမ်တာ။”
ရပ်ကွက်တွေမှာ ဆီကုန်သည်အသင်းက စာအုပ်နဲ့ ရောင်းချပေးတဲ့ဆီတွေဟာ အရင်ကလို လူတိုင်းထုတ်ပေးနိုင်ခြင်း မရှိတာကြောင့် ပြင်ပပေါက်စျေးနဲ့ ဝယ်စားရတာလို့ မြောက်ဥက္ကလာမြို့ခံတယောက်က ပြောပါတယ်။
“အရင်က ရပ်ကွက်တွေမှာ ဆီကို ၅၀ သား ၃,၅၀၀၊ ၄,၀၀၀ နဲ့ ရောင်းပေးတယ်။ အခုနောက်ပိုင်း ၅၀ သားကနေ ၂၅ ကျပ်သားပဲ ပေးတော့တယ်။ ဒါတောင် လူတိုင်းမရဘူး။ မရတော့ အပြင်ပေါက်စျေးနဲ့ပဲ ဝယ်စားရတယ်။”
ဆီကုန်သည်များအသင်းက မြို့နယ်အလိုက် ဆီခွဲတမ်းပေးရာမှာ လူဦးရေလုံလောက်မှုမရှိဘဲ ဆယ်ဂဏန်းလောက်သာ ပေးတဲ့အတွက် ပြင်ပပေါက်စျေး မြင့်တက်လာတာလို့ အရောင်းကိုယ်စားလှယ်တယောက်က ပြောပါတယ်။
“အရင်ကလို ခွဲတမ်းအပြည့်မပေးတာလည်း ပါတယ်။ လူဦးရေ ၁၀,၀၀၀ လောက်ရှိတဲ့ ရပ်ကွက်ကို လူ ၂၄ ယောက်စာပဲ ပေးတော့ ပြည်သူတွေ ဒုက္ခရောက်ပြီး ပြင်ပပေါက်စျေးလည်း ကြီးလာတာ မဆန်းဘူး။ စားအုန်းဆီကို စစ်တပ်နဲ့ ကုမ္ပဏီက လက်ဝါးကြီးအုပ်ထားသမျှ ဆီစျေးက ငြိမ်မှာ မဟုတ်ဘူး။”
နိုင်ငံတော်ကနေ ဆီတပိဿာကို ကျပ် ၇,၀၀၀၊ ၈,၀၀၀ နဲ့ ရောင်းချပေးနေပေမဲ့ ရန်ကုန်မှာ စားအုန်းဆီ တပိဿာ ပြင်ပပေါက်ဈေး ကျပ် ၂၀,၀၀၀ အထိ ပေးဝယ်နေရပြီး ဈေးကွက်တည်ငြိမ်ရေးနဲ့ စားအုန်းဆီ လိုအပ်ချက်တွေကို ဆောင်ရွက်နေတယ်လို့ ဇူလိုင် ၁၁ ရက်မှာ စစ်အာဏာရှင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဝန်ခံထားပါတယ်။










