DVB Logo
Home
Lead Story
စစ်အာဏာရှင် မင်းအောင်လှိုင် မလေးရှား သွားမည်
DVB
·
October 1, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

မြန်မာစစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ဟာ အခုအောက်တိုဘာလအတွင်း မလေးရှားနိုင်ငံသို့ လာရောက်လည်ပတ်မယ်လို့ မလေးရှားအစိုးရသတင်းအေဂျင်စီက စက်တင်ဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။

မင်းအောင်လှိုင်ဟာ အောက်တိုဘာလအတွင်း ကွာလာလမ်ပူကို လာရောက်ဖို့ရှိတဲ့  နိုင်ငံခြားခေါင်းဆောင်တွေထဲမှာ တယောက်အပါအဝင် ဖြစ်တယ်လို့ မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူနဲ့ ဆက်သွယ်ရေးဝန်ကြီး ဖာမီဖာဇေးလ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Bernama သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့  ဒုက္ခသည်တွေ နေရပ်ပြန်လည်ပို့ဆောင်ရေး နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်နေချိန် စစ်အာဏာရှင်က မလေးရှားခရီးစဉ် လာရောက်မှာလို့ ဆိုပါတယ်။

ဘယ်နေ့ဘယ်ရက်မှာ မင်းအောင်လှိုင် မလေးရှားကို လာမယ်ဆိုတာ အတိအကျမသိရသေးသလို မြန်မာစစ်အာဏာရှင်ဘက်ကလည်း မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်နဲ့ ပတ်သက်ပြီး အတည်ပြုသတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

မလေးရှားအစိုးရအနေနဲ့ နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ ဒုက္ခသည်ပြဿနာအတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ ဖြေရှင်းနည်းတရပ်ကို ရှာဖွေနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားထားပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ မဖြေရှင်းနိုင်သေးတဲ့ အဆိုပါပြဿနာဟာ ဒုက္ခသည်အရေအတွက် ပိုမိုများပြားလာတာနဲ့အမျှ ပိုမိုရှုပ်ထွေးလာကြောင်း၊ ဒီအထဲမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေလည်း ပါဝင်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

ဘေးကင်းလုံခြုံစိတ်ချရမှုမရှိတဲ့ စစ်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို ဒုက္ခသည်တွ ပြန်မပို့ဖို့  ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက စိုးရိမ်တကြီး ကန့်ကွက်နေကြချိန်မှာ မလေးရှားနိုင်ငံက စက်တင်ဘာ ၂၉ ရက်မှာ  မြန်မာ စစ်သင်္ဘော ၃ စင်းနဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို ပြန်ပို့ခဲ့ပါတယ်။

မလေးရှားနိုင်ငံရှိ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ အများစုဖြစ်တဲ့ မြန်မာဒုက္ခသည်တွေဟာ မလေးရှားအတွက် ကြီးမားတဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဖြစ်ပေါ်စေပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကိုလည်း ဖြစ်စေတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

အန်ဝါက “ ‘သူတို့ကို ပြန်မပို့ပါနဲ့’ လို့ ပြောရတာ လွယ်ပါတယ်။ အဲဒီ ရာပေါင်းများစွာသော ဒုက္ခသည်တွေကို ကျနော်တို့က ဘယ်မှာ သွားထားရမလဲ။ ဒါကြောင့် အခု ကျနော်တို့ လိုချင်တာက လုံခြုံမှုရှိစေဖို့ အခြေအနေတွေ ဖြစ်တယ်။ အဲဒါကြောင့်ပဲ ကျနော်တို့က သူတို့ကို စေ့စပ်ညှိနှိုင်းဖို့ ဖိတ်ခေါ်ခဲ့တာပါ”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အာဏာရှင် သမ္မတက ဖိတ်ခေါ်မှုကို လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း အန်ဝါက ပြောကြားခဲ့ပါတယ်။

“ဒါကြောင့် သမ္မတက ဖိတ်ခေါ်မှုကို လက်ခံဖို့ စေတနာထားခဲ့တဲ့အတွက် ဝမ်းမြောက်မိပြီး ကျနော်တို့က အဲဒီအခွင့်အရေးကို အသုံးပြုပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်မှာပါ။ ဒီဒုက္ခသည်တချို့ကို ပြန်လည်ခေါ်ယူဖို့ သူတို့ သဘောတူခဲ့ရင်တောင်မှ သူတို့ လုံခြုံမှုရှိရေးနဲ့ လိုအပ်တဲ့ အဆောက်အအုံ၊ အခွင့်အရေးတွေ ရရှိအောင် ကျနော်တို့ဘက်က သေချာပေါက် ဆောင်ရွက်ပေးရမှာပါ။ ဒါပေမဲ့ ပြန်မပို့ပါနဲ့လို့ပဲ ပြောနေတာက ဒီမှာလည်း စိုးရိမ်စရာတွေ အများကြီးရှိပါတယ်။ ဘယ်နိုင်ငံမှ လူပေါင်း ရာပေါင်းများစွာ၊ တချို့နိုင်ငံတွေဆို သန်းပေါင်းများစွာကို လက်ခံထားလို့ မရပါဘူး။  သူတို့ဘက်က စေ့စပ်ညှိနှိုင်းနိုင်ရပါမယ်”လို့ အန်ဝါက ပြောပါတယ်။

မလေးရှားအစိုးရရဲ့ ရပ်တည်ချက်မှာ ဒုက္ခသည်တွေရဲ့ သက်သာချောင်ချိရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်လို့လည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာ သမ္မတကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ချက်ကလည်း အရေးကြီးတယ်လို့ အန်ဝါက ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မြန်မာ့အိမ်နီးချင်း အိန္ဒိယ၊ တရုတ် အပြင် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ 

Source: Bernama / Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013