အီရန်ပြည်တွင်းထုတ် ဒုံးကျည်နှင့် ဒရုန်းများ တီဟီရန်ပြပွဲတွင် ပြသ

အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်းနှင့် အာကာသတပ်ဖွဲ့က ဦးစီးကျင်းပတဲ့ ပြည်တွင်းဖြစ် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပြသထားတဲ့ ပြပွဲကို တီဟီရန်မြို့က အမျိုးသား လေကြောင်းနှင့်အာကာသ ဥယျာဉ်မှာ နိုဝင်ဘာ ၇ ရက်ကနေ ၁၃ ရက်အထိ ကျင်းပနေပါတယ်။
ပြပွဲမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စစ်ပွဲတွေနဲ့ ပဋိပက္ခတွေမှာ အသုံးပြုခဲ့တဲ့ ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်တွေ၊ အသံထက်မြန်တဲ့ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် အမျိုးမျိုးကို ပြသထားပါတယ်။
ဒါ့အပြင် အီရန်က ပစ်ချနိုင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မောင်းသူမဲ့လေယာဉ် (UAV) ဒရုန်းတွေကိုလည်း ထည့်သွင်းပြသထားပါတယ်။
IRGC လေကြောင်းနဲ့ အာကာသတပ်ဖွဲ့တပ်မှူးရဲ့ အကြံပေးဖြစ်သူ အလီဘာလာလီကတော့ ဒီပြပွဲဟာ အီရန်ရဲ့ လေကြောင်းနဲ့ အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လူအများ ပိုမိုသိရှိနားလည်စေဖို့နဲ့ အမျိုးသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။
အခုပြသထားတဲ့ လက်နက်နဲ့ စက်ကိရိယာတွေဟာ လက်ရှိတပ်ဖွဲ့တွေမှာ အသုံးပြုနေတဲ့ စနစ်တွေထက် ၅ နှစ် ကနေ ၆ နှစ်လောက် နောက်ကျနေတဲ့ မျိုးဆက်ဟောင်းတွေသာ ဖြစ်ပြီး၊ ပိုမိုအဆင့်မြင့် ခေတ်မီတဲ့ နည်းပညာသုံး လက်နက်တွေကိုတော့ ပြပွဲမှာ ထုတ်မပြထားဘူးလို့ သူက ရှင်းပြပါတယ်။
အမေရိကန်အနေနဲ့ နောက်ဆုံးမှာ ကျရှုံးပြီး စစ်ဆင်ရေးတွေကို လက်လျှော့ရမှာ ဖြစ်သလို အီရန်က အဆိုပြုထားတဲ့ အချက် ၇ ချက်ကို သဘောတူ လက်ခံကာ သင့်တော်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပြီး ဒေသတွင်းကနေ ထွက်ခွာသွားရမှာ ဖြစ်ကြောင်းနဲ့ ဒီနည်းလမ်းနဲ့သာ ဒေသတွင်း ပြည်သူတွေနဲ့ နိုင်ငံတွေရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ ဖြစ်ကြောင်းလည်း ဘာလာလီက ပြောကြားခဲ့ပါတယ်။
ဒေသခံ မိုဟာမာဒီဂျာဗစ်ကလည်း စစ်ရေးခြိမ်းခြောက်မှု၊ နယ်စပ်ပိတ်ဆို့မှု ဒါမှမဟုတ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဘာပဲဖြစ်ဖြစ် ဘယ်အရာကမှ သူတို့ရဲ့ တိုးတက်မှုကို တားဆီးနိုင်မှာ မဟုတ်ဘဲ ပိုပြီးတောင် ကောင်းမွန်လာဦးမှာ ဖြစ်ကြောင်းနဲ့ အဲဒီလို ခြိမ်းခြောက်မှုတွေ၊ ဖိအားတွေကပဲ သူတို့ကို ပိုပြီး ကြံ့ခိုင်လာအောင်၊ ကိုယ့်အားကိုယ်ကိုးတတ်လာအောင် ဖန်တီးပေးခဲ့တာလို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
Photo:Reuters











