
မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ကို ချိုးဖောက်တာဖြစ်တယ်လို့ ဂျပန်ဘက်က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဒါဟာ ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ရာ ရောက်တာကြောင့် ပေကျင်းမှာရှိတဲ့ သံတမန်လမ်းကြောင်းကနေတဆင့် မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်ကြောင်းနဲ့ ရှုတ်ချကြောင်း သတင်းစကားပေးပို့ခဲ့တယ်လို့လည်း ဂျပန်ဘက်က ဆက်လက်ပြောပါတယ်။
မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် လက်နက် ၁၀ ခုလောက်ကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။ အဲဒီဒုံးကျည်တွေဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်အနီး ပျက်ကျခဲ့ ပါတယ်။
ဂျပန်ပိုင်နက်နယ်မြေနဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း ထိခိုက်မှု မရှိသလို အနီးဝန်းကျင်မှ လေယာဉ်နဲ့ သင်္ဘောတွေပါ ထိခိုက်မှုမရှိကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရုကိဟာရ က ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မောင်းသူမဲ့လေယာဉ် နည်းပညာပြပွဲနဲ့ လက်နက်စွမ်းရည်ပြသပွဲမှာ မိန့်ခွန်းပြောရင်း သူ့နိုင်ငံအနေနဲ့ ဒရုန်းနည်းပညာပိုင်းမှာ "အကြွင်းမဲ့သာလွန်မှု" ရရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ခေတ်သစ်စစ်ပွဲတွေရဲ့ ပြောင်းလဲလာတဲ့ သဘောသဘာဝအရ ဒရုန်းနည်းပညာမှာ သာလွန်မှု ရရှိအောင် လုပ်ဆောင်တာဟာ "မဖြစ်မနေ လုပ်ဆောင်ရမဲ့ ရွေးချယ်မှုတခု" ဖြစ်တယ်လို့လည်း ကင်မ်ဂျုံအန်းက ပြောပါတယ်။
ဒါ့အပြင် ခေတ်မီတပ်မတော် တည်ဆောက်ရာမှာ မောင်းသူမဲ့ လက်နက်စနစ်တွေထဲ အဆင့်မြင့် ဉာဏ်ရည်တု(AI) နည်းပညာ သုံးစွဲတာဟာ မြောက်ကိုရီးယားအတွက် ထိပ်တန်းဦးစားပေး ကိစ္စဖြစ်ရမယ်လို့လည်း ပြောခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။
ပြပွဲအပြီး ပြုလုပ်ခဲ့တဲ့ ပစ်ခတ်မှု စွမ်းရည်ပြပွဲမှာ နည်းဗျူဟာမြောက် အသေခံတိုက်ခိုက်ရေး ဒရုန်းတွေ၊ နည်းဗျူဟာမြောက် ခရုစ်ဒုံးကျည်တွေ၊ ဘက်စုံသုံး ဒရုန်းတွေနဲ့ ၆၀၀ မီလီမီတာ ဒုံးပစ်လောင်ချာ တပ်ရင်း တရင်း ပါဝင်ခဲ့တယ်လို့ KCNA က ဆိုပါတယ်။
Source: Reuters











