
ရန်ကုန်မြို့က တချို့နေရာတွေမှာ ကြက်ဥတလုံး လက်လီဈေးဟာ ကျပ် ၇၀၀ နီးပါးအထိ မြင့်တက်လာပြီးနောက် စားသုံးသူတွေ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ဖို့ ကြက်ဥရောင်းချသူများ အစုအဖွဲ့-ရန်ကုန်ကကြက်ဥတလုံးကို ၅၅၀ ကျပ်နှုန်းနဲ့ ဈေးတွေမှာ လိုက်လံရောင်းချပေးသွားမယ်လို့ အသိပေးထားပါတယ်။
ရောင်းချမှုကို မနက် ၇ နာရီကစပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး ရွှေပြည်သာ ပတ္တမြားဈေး၊ တောင်ဥက္ကလာ နန္ဒဝန်ဈေး၊ ပုဇွန်တောင်ဈေး၊ မြောက်ဥက္ကလာဈေး၊ သင်္ဃန်းကျွန်း စံပြဈေး၊ မြောက်ဒဂုံ ဒဂုံရွှေပြည်ဈေး၊ တာမွေ အခွန်လွတ်ဈေး၊ ဗိုလ်တထောင် ဘိုကလေးဈေးနဲ့ မင်္ဂလာဒုံ ထောက်ကြန့်လမ်းဆုံအနီးတို့မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိဈေးကွက်အတွင်း ကြက်ဥလက်ကားဈေးဟာ တလုံးကို ၄၆၅ ကျပ်ကနေ ၅၈၀ ကျပ်အထိ ရှိနေပြီး လက်လီဈေးကတော့ ၅၅၀ ကျပ်ကနေ ၇၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိနေပါတယ်။
အသားငါးဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ အခြေခံလူတန်းစားအများစုဟာ ကြက်ဥကို အဓိကအားထား စားသုံးနေရပေမဲ့ အခုလို ကြက်ဥဈေးပါ ဆက်တိုက်မြင့်တက်လာတာကြောင့် စားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ စားသုံးသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ကြက်ဥဈေးနှုန်း မြင့်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ကာကွယ်ဆေးနဲ့ အစာကုန်ကြမ်း သွင်းအားစု လိုအပ်ချက်တွေကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာတာ၊ အရင်နှစ်တွေက ဥစားကြက်ပေါက် ထုတ်လုပ်မှုနဲ့ ဝယ်လိုအား အချိန်နဲ့တပြေးညီ မဖြစ်ခဲ့တာ၊ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ရောဂါကျရောက်မှုတွေကြောင့် ကြက်ဥထုတ်လုပ်မှု လျော့ကျလာတာနဲ့ ထောက်ပံ့မှုပမာဏ လျော့နည်းလာတာတွေကြောင့် ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်လာတယ်လို့ ဖော်ပြပါတယ်။
အဲဒီလို ဈေးနှုန်းမြင့်တက်မှုကို ထိန်းညှိနိုင်ဖို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာ ဖြန့်ဖြူးရောင်းချသူတွေဟာ ဇူလိုင် ၁၇ ရက်က ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ကြက်ဥဈေး ထပ်မံမမြင့်တက်စေဖို့ ဖြန့်ဖြူးရောင်းချသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမဲ့အပြင် အများပြည်သူ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး အစီအစဉ်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်တုန်းက ကြက်ဥတလုံးကို ကျပ် ၁၀၀၊ ၁၅၀ လောက်သာ ရှိခဲ့ရာက အခုအချိန်မှာတော့ ကျပ် ၇၀၀ လောက်ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။











