
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်တာကြောင့် ရေနံစိမ်းဈေး ၁၀ ရာခိုင်နှုန်း ပြန်ကျဆင်းခဲ့ပါတယ်။
လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူထားတဲ့ အတောအတွင်း ကူးသန်းရောင်းဝယ်ရေး သင်္ဘောအားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ထားတယ်လို့ အီရန်က ကြေညာ ထားပါတယ်။
သောကြာနေ့က အမေရိကန်ရဲ့ မေလအတွက် WTI ရေနံစိမ်းဈေးဟာ ရေနံ ၁ စည်ဈေးနှုန်း ၈၄ ဒသမ ၄၈ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ကုန်သွယ်မှုကထက် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့တာပဲဖြစ်ပါတယ်။
ဇွန်လ အတွက် ဘရန့်ရေနံစိမ်းကလည်း ၁ စည်ကို ၈၈ ဒသမ ၇၆ ဒေါ်လာရှိပြီး နောက်ဆုံး ဈေးနှုန်း ထက် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။
ကုန်သွယ်မှုပိတ်တဲ့နောက်ဆုံးအချိန်မှာ မေလအတွက် WTI ရေနံဈေးနှုန်းက ၁၀ ဒသမ ၈၄ ဒေါ်လာ ကျဆင်းခဲ့တာကြောင့် ၁၁ ဒသမ ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဇွန်လအတွက် ဘရန့်ရေနံစိမ်းကတော့ ၉ ဒသမ ၀၁ ဒေါ်လာ ဈေးကျခဲ့ပြီး ၉ ဒသမ ၀၇ ရာခိုင်နှုန်း ရှိကာ ရေနံ ၁ စည်ဈေးနှုန်း ၉၀ ဒသမ ၃၈ ဒေါ်လာ ရှိတယ်လို့ ဖော်ပြပါတယ်။
ရေနံဈေးနှုန်းတွေဟာ သောကြာနေ့က ဟော်မုဇ်ရေလက်ကြားကို လက်ဘနွန် အပစ်အခတ် ရပ်ဆဲရေး ကာလအထိ အပြည့်အဝ ဖွင့်ထားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ကြေညာမှုနဲ့အတူ ကျဆင်းခဲ့တာပဲ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြား အပြည့်အဝ ပြန်ဖွင့်မယ်လို့ အီရန်က ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း ထရမ့်ပ်က ပြောပါတယ်။
အဲ့ဒီလို ပြောဆိုမှုနဲ့အတူ ရာနှုန်းပြည့် သဘောတူညီမှုရတဲ့အထိ အမေရိကန်ရေတပ်က အီရန်ကို ဆက်ပြီး အင်အားသုံး ပိတ်ဆို့ ထားမယ်လို့လည်း ထရမ့်ပ်က ပြောထားပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်တို့ကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးဟာ လာမဲ့ ကြာသပတေးနဲ့ သောကြာနေ့ညသန်းခေါင်းမှာ စတင်အသက်ဝင်တာ ဖြစ်ပါတယ်။
ဆီတင် သင်္ဘောတွေ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမှုတွေလည်း ပြန်လည်စတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ လကုန်ကစတင်ခဲ့တဲ့ စစ်ပွဲကြောင့် ပိတ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကနေ ဆီတင် သင်္ဘောတွေ ပြန်ပြီး ဖြတ်သန်းခွင့်ရခဲ့တာပါ။
Source:Reuters











