DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘော ၂ စင်း ရေအောက်မိုင်းထိမှန်ပြီး မီးလောင်
DVB
·
November 9, 2026
Photo: Reuters
Photo: Reuters
Donate to DVB

 

ဟော်မုဇ်ရေလက်ကြားထဲ “ခွင့်ပြုချက်မရှိတဲ့” လမ်းကြောင်းကနေ ဖြတ်သန်းဖို့ ကြိုးပမ်းခဲ့တဲ့ စည်းမျဉ်းချိုးဖောက်တဲ့ ရေနံတင်သင်္ဘော ၂ စင်းဟာ ရေအောက်မိုင်းတွေကို တိုက်မိပြီးတဲ့နောက် မီးလောင်ကျွမ်းခဲ့တယ်လို့ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ရေတပ်က နိုဝင်ဘာ ၈ ရက် အစောပိုင်းမှာ ပြောပါတယ်။

ရေနံတင်သင်္ဘောတစင်း ရေလက်ကြား အရှေ့ဘက်မှာ မိုင်းထိမှန်ခဲ့ပြီး နောက်တစင်းက ရေလမ်းကြောင်းကို ဖြတ်သန်းနေချိန်မှာ မိုင်းထိမှန်ခဲ့တာလို့ ရေတပ်ကို ကိုးကားပြီး IRGC ရဲ့ တရားဝင်သတင်းဌာနဖြစ်တဲ့ Sepah News က သတင်းထုတ်ပြန်ပါတယ်။

သင်္ဘော ၂ စင်းစလုံးက လမ်းကြောင်းပြစနစ်တွေနဲ့ GPS စနစ်တွေကို ပိတ်ထားခဲ့ပြီး ပေါက်ကွဲပြီးတဲ့နောက် မီးလောင်နေတယ်လို့ စီပါနယူးစ်က ပြောပါတယ်။

ရန်လိုတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အီရန်ရဲ့ စည်းမျဉ်းတွေကို ဖီဆန်ရင်း ရေလက်ကြားထဲက “ခွင့်ပြုချက်မရှိတဲ့” ဧရိယာထဲ ဝင်လာတဲ့ ဘယ်သင်္ဘောမဆို ရေအောက်မိုင်းတွေ “မလွဲမသွေ” ထိမှန်လိမ့်မယ်လို့ IRGC က သတိပေးထားပါတယ်။

တချိန်တည်းမှာ အိုမန်ပင်လယ်ကွေ့ထဲက ကုန်တင်သင်္ဘောတစင်းကို အမေရိကန်တပ်ဖွဲ့တွေက သွားလာမရအောင် လုပ်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်း ကွပ်ကဲရေးဌာနချုပ် (CENTCOM) က X လူမှုကွန်ရက် ပလက်ဖောင်းပေါ်ကနေ ပြောပါတယ်။

သင်္ဘောပေါ်က အရပ်သားဝန်ထမ်းတွေက “ထပ်ခါတလဲလဲ သတိပေးချက်တွေကို လျစ်လျူရှုခဲ့ပြီး အီရန်အပေါ် ချမှတ်ထားတဲ့ ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့လို့  ခုလိုလုပ်တာလို့လည်း ပြောပါတယ်။

CENTCOM တပ်ဖွဲ့တွေက သင်္ဘောသားတွေကို သတ်မှတ်နေရာတွေကနေ ထွက်သွားကြဖို့ ညွှန်ကြားပြီးတဲ့နောက် အမေရိကန်စစ်လေယာဉ်တစင်းက စိန့်ကစ်စ် အလံတင် M/V ဟူဒါ သင်္ဘောရဲ့ နောက်ပိုင်းကို အတိအကျ ပစ်ခတ်ခဲ့လို့ သင်္ဘောက သွားလာမရတဲ့ အခြေအနေကို ရောက်သွားတယ်။ ဒီကုန်တင်သင်္ဘောဟာ အီရန်ဆိပ်ကမ်းတခုဆီ ဝင်လာပြီးတဲ့နောက် ဒေသတွင်း ရေပြင်ကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။

အီရန်နိုင်ငံဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ရေလက်ကြား ထိန်းချုပ်မှုကို တင်းကျပ်ခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန်ပိုင်နက်အတွင်း ပူးတွဲ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲဒီနိုင်ငံတွေနဲ့ သက်ဆိုင် ဆက်နွှယ်နေတဲ့ သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း အီရန်နိုင်ငံအပေါ် ရေကြောင်းပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013