
စစ်တပ်အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း စစ်ပွဲ၊ ပဋိပက္ခတွေကြားက သမိုင်းဖြစ်ရပ်တွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံဆရာ ၆ ယောက်ရဲ့ "5 YEARS OF NIGHTMARE" Virtual Photo Exhibition ကို အောက်တိုဘာ ၂၆ ရက်က စတင်ပြသနေပါတယ်။
ဒီဓာတ်ပုံပြပွဲကိုတော့ 24FM နဲ့ Platform 36 တို့က ပူးပေါင်းတင်ဆက်တာဖြစ်ပြီး 24FM ဝက်ဘ်ဆိုက်ကတဆင့် ဝင်ရောက်ကြည့်ရှုရမဲ့ အွန်လိုင်း ဓာတ်ပုံပြပွဲ ဖြစ်ပါတယ်။
ဒီဓာတ်ပုံပြပွဲကတော့ ပြည်သူလူထုအနေနဲ့ စိတ်ဓာတ်ကျနေတာကို ကျော်လွှားစေချင်ပြီး မြေပြင်က ပကတိ အရှိတရားကို သိစေဖို့ ရည်ရွယ်နေတာပါ။
ဒီဓာတ်ပုံပြပွဲမှာ ပါဝင်တဲ့ ဓာတ်ပုံဆရာ အောင်ကျော်ထက်က “မြေပြင်မှာတော့ တကယ်ကို တော်လှန်လူငယ်တွေဟာ ရုန်းကန်လှုပ်ရှားနေရတာ၊ အခုထိ ကြိုးစားနေကြဆဲပဲဆိုတာကို ကျနော်တို့က သိစေချင်တာ။ ပြီးတော့ ဒါတွေက ကျနော်တို့က မှတ်တမ်းတင်ထားချင်တာ အဓိကကတော့ ဘာလို့လဲဆိုတော့ စစ်တပ်က နေ့စဉ်နဲ့အမျှ ပြည်တွင်းမှာ ဗုံးကြဲနေတဲ့ဟာတွေ ရှိတယ်။ ဒါတွေက ဥပမာဗျာ ကျနော်တို့အနေနဲ့ လက်နက်ကိုင် လက်နက်ကိုင်ချင်း ပစ်တာ ခတ်တာကို မပြောလိုဘူး။ အပစ်မရှိတဲ့ အရပ်သားပြည်သူတွေကို ဒီလောက် ရက်ရက်စက်စက် လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကိုကြတော့ ကျနော်တို့ မှတ်တမ်း တင်ထားဖို့ လိုတယ်။ ဒါတွေကိုလည်း များများသိဖို့လိုတယ်။ တော်လှန်ရေးမှာ စိတ်ဓာတ် အတက်အကျ ဖြစ်နေတယ်ဆိုရင်လည်း ဒီ Gallery ကို ဝင်ကြည့်ခြင်းအားဖြင့် အားသစ် ကျနော်တို့က ယူစေချင်တယ်ပေါ့လေ။ ကျနော်တို့ တော်လှန်ရေးမှာ ဘယ်လိုပုံစံနဲ့ ပူးပေါင်း ပါဝင်နိုင်မလဲ။ အထောက်အပံ့ ပြုနိုင်မလဲဆိုတာကို ကျနော်တို့က အဲ့လို ဖြစ်စေချင်တဲ့အတွက် ဒီပြပွဲလေးကို လုပ်ဖြစ်တာပါ” လို့ ဆိုပါတယ်။
ကချင်တိုင်းရင်းသား လူငယ်ဓာတ်ပုံသတင်းထောက် မာနော်ကတော့ ဒီဓာတ်ပုံပြပွဲမှာ ဓာတ်ပုံ ဇာတ်လမ်း ၂ ခု ပါဝင်ပြသထားပါတယ်။ အဲဒီထဲက ဓာတ်ပုံ ဇာတ်လမ်းတခုကတော့ ၂၀၂၂ ခုနှစ်မှာ မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ရိုက်ကူးခဲ့တာလို့ သိရပါတယ်။
ဓာတ်ပုံ သတင်းထောက် မာနော်က “ကျနော်တို့ ရင်ဆိုင်နေရတဲ့ ခုခံနေရတဲ့ စစ်တပ်က standard army လို့ အမြဲ တင်စားခေါ်ဝေါ်တဲ့ စစ်တပ်ကြီးကို ခုခံရတာပေါ့။ အသက်မသေအောင်လို့ ကာကွယ်ရတဲ့ အချိန်မှာ သူတို့က auto machine gun တွေ မရှိကြဘူး။ မရှိပေမဲ့ ရတဲ့ဟာနဲ့ ကာကွယ်ဖို့ ကြိုးစားတယ်။ အဲ့မှာ ဘာတွေ သွားတွေ့လဲဆိုတော့ ကျနော် ဒီ 5 Years of Nightmare ထဲမှာ ကျနော်ပါဝင်ထားတဲ့ ဇာတ်လမ်းတခုကတော့ First Fire လို့ နာမည်ပေးထားတယ်။ ဘာလို့လဲဆိုတော့ သူတို့ တူမီးတွေနဲ့ စပြီး ကာကွယ်တယ်၊ ခုခံတာပေါ့၊ တိုက်ခိုက်တာ မဟုတ်သေးဘူး၊ တိုက်ခိုက်တဲ့ အဆင့်မရောက်သေးဘူး။ အဲ့ဒါတွေ ကျနော် မြင်ခွင့်ရခဲ့တယ်။ သူတို့ လက်သမားတွေ၊ သံဖြတ်စက် လုပ်တဲ့ ဟာတွေ၊ အဲ့ဒါတွေ မြင်ခဲ့ရတယ်။ သစ်သားတွေ ဘယ်လိုထွင်းတယ်၊ ယမ်းတွေကို ဘယ်လို စုပေါင်းတယ်၊ ဒီတူမီးသေနတ်တွေကို ဘယ်လိုကြိုးစားပြီး လုပ်ခဲ့တယ်ဆိုတာကို အဲ့ဒါတွေ မြင်ခဲ့ရတယ်” လို့ ဆိုပါတယ်။
ဒီပြပွဲကိုတော့ ၆ လတာ ပြသဖို့ ရည်ရွယ်ထားပြီး ကြည့်ရှုလိုသူတွေအနေနဲ့ 24FM Facebook page မှာ လက်မှတ် ဝယ်ယူပြီး 24FM ဝက်ဘ်ဆိုက်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။











