
စက်တင်ဘာ ၁၈ ရက်နေ့ ကျရောက်တဲ့ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှု ၃၈ နှစ်ပြည့် သမိုင်းဆိုးအတွက် စစ်အာရှင်တွေနဲ့ လက်အောက်ခံတွေအား ဆန့်ကျင်ရှုတ်ချပွဲကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ၁၉၆၂ မတ် ၂ ရက်နေ့မှာ ပထမဆုံးအကြိမ် အာဏာသိမ်းခဲ့ပြီး ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့နဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့တွေမှာ အကြမ်းဖက်အာဏာသိမ်းမှုတွေ ဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်အေးက "မတရားစစ်အာဏာရယူ ဖိနှိပ်အကြမ်းဖက် အုပ်ချုပ်ခဲ့တဲ့ စစ်မိစ္ဆာတွေကို ဆက်ရပ်တည်ခွင့်မပေးတော့ဘဲ အမြစ်ပါမကျန် သုတ်သင်ဖယ်ရှားဖို့အတွက် လက်ရှိ နွေဦးတော်လှန်ရေးမှာ ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူတွေ အသက်တွေ ဘဝတွေ စတေးပြီး တိုက်ပွဲဝင်နေကြပါတယ်။ နောက်ဆုံးမှာ ဓမ္မသည်သာ အောင်ပွဲခံရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ပြည်သူသာအဓိက’ ဆိုတဲ့ စကားအတိုင်း တိုင်းရင်းသားပြည်သူအားလုံး သွေးမအေးဘဲ ရည်မှန်းချက်ပြီးမြောက် အောင်မြင်အောင် ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုပါတယ်" လို့ ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှု အစောပိုင်းအချိန်တွေကတည်းက ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး သံရုံးဝန်ထမ်းတွေအနေနဲ့ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ကူးပြောင်းဖို့ တိုက်တွန်းခဲ့တာပါ။
သံရုံးဝန်ထမ်းတချို့သာ CDM ဝင်ခဲ့ပြီး ကျန်ဝန်ထမ်းတွေက စစ်အာဏာရှင် အလိုကျ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ လက်ကျန် သံရုံးဝန်ထမ်းတွေဟာ အမေရိကန်အစိုးရနဲ့ စစ်ကောင်စီတို့ ဆက်ဆံရေးလမ်းကြောင်းပွင့်လာအောင် ဆက်လက်အားထုတ်နေပြီး မြန်မာ့အရေး ဆောင်ရွက်သူတွေရဲ့ တိုက်တွန်းမှုကို လျစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။











