DVB Logo
Home
Lead Story
အသက်ရှင်ဖို့ထက် သေမယ့်အရေးကို ပိုပြင်ဆင်လာကြသည်
DVB
·
August 15, 2026
အသက်ရှင်ဖို့ထက် သေမယ့်အရေးကို ပိုပြင်ဆင်လာကြသည်
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ဟာ တနေ့ထက်တနေ့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတွင်းနက်လာနေလို့ လက်လုပ်အခြေခံ လူတန်းစား အများစုမှာ ဝမ်းတထွာအတွက်ကိုပင် မဖြည့်တင်းနိုင်တဲ့ အခြအနေ ဆိုက်ရောက်လာနေကြပါတယ်။ ဒီထက်ပိုဆိုးတာက အစာရေစာ ငတ်မွတ်ပြီး အာဟာရပြတ်လာတဲ့ အခြေအနေတွေ ဖြစ်လာနေတာပါ။ 

တဘက်မှာလည်း နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတာတွေကို နေ့စဉ်ရက်ဆက် လုပ်နေတာကြောင့် ပြည်သူတွေမှာ အသက်ဆက်ဖို့ထက် ငါ ဘယ်နေ့ ဘယ်လိုမျိုးနဲ့ သေရမလဲကိုပဲ ဦးစားပေး ပြင်ဆင်လာကြပါတော့တယ်။ ပြေးဖို့ရာ မြေမရှိ၊ သောက်ဖို့ ရေမရှိ၊ စားဖို့ အစာမရှိတဲ့ ခေတ်ဆိုးကြားက မြေဇာပင်များ ဖြစ်လို့ပါ။ 

အာဟာရပြတ်လို့ သေတဲ့သူတွေ ရှိလာ

မြန်မာနိုင်ငံမှာ “ထမင်းငတ်လို့ သေတဲ့ မသာ မရှိသေးဘူး” လို့ ဆိုရိုးစကားသဖွယ် အသွင်သွင်ပြောနေကြပေမဲ့ မင်းအောင်လှိုင် အာဏာရှင်လက်ထက်မှာ ထမင်းငတ်လို့ အာဟာရပြတ်ပြီး သေတဲ့သူတွေ ဦးရေ ကိန်းဂဏန်း အရေအတွက်ကို မပြောနိုင်ပေမဲ့ သေဆုံးလာနေတာ မျက်ဝါးထင်ထင် မြင်ကြရပါပြီ။

မကြာသေးခင် ဇူလိုင် ၁၂ ရက် မနက် ၉ နာရီဝန်းကျင်က  ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး ဆိုက်ကားနင်းနေရင်း လမ်းပေါ်မှာ အရုပ်ကြိုးပြတ် ရုတ်တရက် သေဆုံးသွားခဲ့ရတဲ့ ဖြစ်စဉ်က သက်သေဖြစ်သွားခဲ့ပါတယ်။ အာဟာရ ချို့တဲ့တာလို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ခေတ်မီတယ်၊ အလုပ်အကိုင်တွေ ပေါတယ်၊ ဝင်ငွေကောင်းတယ်လို့ လူအထင်ကြီး ခံနေရတဲ့ ရန်ကုန်မြို့မှာ ဖြစ်သွားခဲ့ခြင်းပါ။

ဝမ်းရေးအတွက် မသေရုံတမယ် ရုန်းကန်နေကြရ

အခုလို ခေတ်ဆိုး၊ စနစ်ဆိုးကြီးထဲမှာ ဝမ်းရေးအတွက် မသေရုံတမယ် ရုန်းကန်နေကြရတာ အခြေခံလူတန်းစားတွေ အများစု ဖြစ်ပါတယ်။ သူတို့အထဲမှာ အသက်ကြီးပိုင်းတွေလည်း ရှိသလို သက်အရွယ်အလိုက် ရှိနေတာပါ။ အသက် ၅၀ ကျော် သက်ကြီးရွယ်အိုပိုင်း အများစုက အနှေးယာဉ် (ခေါ်) ဆိုက်ကားနင်းပြီး ဝမ်းစာရှာနေကြတာ ရန်ကုန်မြို့လို မြို့ကြီးပြကြီးတွေမှာ မြင်တွေ့နေကြပါ။ သူတို့မှာ လူငယ်တွေလို ရွေးချယ်ခွင့် မရှိပါဘူး။ တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေဖြစ်လို့ ပိုက်ဆံရဖို့ကို မသေရုံတမယ် ရုန်းကန်နေကြရတာပါ။ ဆိုက်ကားမနင်းရတဲ့နေ့ဆိုရင် ထမင်းနှပ်မမှန်တာတွေလည်း ကြုံခဲ့တယ်လို့ ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့က ဆိုက်ကားနင်းနေတဲ့ အသက် ၆၀ ဝန်းကျင် ဦးကျော်သောင်းက ပြောပြပါတယ်။

“တချို့ရက်ဆိုရင် အုံနာကြေးတောင် မသွင်းနိုင်ဘူး။ တရက် ၇,၀၀၀ ၊ ၈,၀၀၀ ရဖို့ မိုးလင်းမိုးချုပ် ရှာရတာ။ ပွဲလမ်းတဘင်ရှိမှ ၁၀,၀၀၀ ဆိုတာ အများဆုံးပဲ။ စီးပွားရေးမကောင်းကြတော့ ဆိုက်ကား စီးတဲ့သူတွေ နည်းလာတယ်။ ပုံမှန် ကျနော့်ဆိုက်ကား စီးနေကျသူတွေတောင် မရှိသလောက်ပဲ၊ အပြင်ထွက်တာတောင် မတွေ့တော့ဘူး။ ကျနော်မှာ နေထိုင်မကောင်းလို့ ဆိုက်ကားမထွက်တဲ့ နေ့ဆိုရင် မာမီး ခေါက်ဆွဲထုတ်တို့ ဆန်ပြုတ်တို့နဲ့ သွားနေရတာ၊ ရောဂါဝင်လာမှာနဲ့ တခုခုဖြစ်သွားမှာပဲ ကြောက်လာတယ်”။

ဦးကျော်သောင်းဟာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းသားဖြစ်ပြီး ၂၀၀၈ နာဂစ်မုန်တိုင်းအလွန် ဒလမြို့ကို ရောက်လာတာပါ။ ဒလကနေ နေ့စဉ် မနက် ၅ နာရီ ပုံမှန်ထွက် ရန်ကုန် ဘုန်းကြီးလမ်းထဲက အုံနာအိမ်မှာ ဆိုက်ကားဝင်ယူ စံပြမှတ်တိုင်အနီးမှာ နင်းနေတာပါ။ ဖေါက်သည်တွေ အရင်ကလောက် မရတော့သလို သူ့မှာ အစာအိမ်ရောဂါအခံ ရှိနေတာကြောင့် တလကို ရက် ၂၀ ဝန်းကျင်လောက်ပဲ ဆိုက်ကား နင်းနိုင်တယ်လို့ ဆိုပါတယ်။ 

စစ်ရှောင်းရင်း အိမ်ပြန်မရောက်နိုင်ကြသူများ

ပြည်တွင်း စစ်မီးဒဏ်ခံနေရတဲ့ ပြည်သူတွေဟာ အသက်ဘေးလွတ်မြောက်နိုင်ရေး နေရပ်ကို စွန့်ခွာ၊ စစ်ငွေ့၊ ယမ်းငွေ့တွေနဲ့ ဝေးရာဆီကို တနယ်ဝင် တနယ်ထွက် ခရီးနင်ကြရင်း နယ်တွေကျော်ဖြတ် အပြန်လမ်း ပျောက်ဆုံးနေသူတွေ ရှိသလို တော်လှန်ရေးအားကောင်းတဲ့ အညာဒေသက စစ်ရှောင်တွေမှာတော့ သူတို့အရပ်က ကုန်းတွင်းပိတ်ဖြစ်နေလို့ အညာမြေတဝိုက်မှာပဲ တနေရာပြီး တနေရာ ရွှေ့ရင်း၊ လွှားရင်းနဲ့ တဝဲဝဲ လည်နေကြတာပါ။ ရခိုင်ပြည်နယ်က စစ်ရှောင်ပြည်သူအများစုကတော့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရန်ကုန်လို မြို့ကြီးတွေဆီအရောက် စစ်ရှောင်ရင်း အာဏာသိမ်း စစ်အစိုးရက ရခိုင်ပြည်ကို လမ်းပန်း ဆက်သွယ်ရေး အပါအဝင် အလုံးစုံပိတ်ဆို့လိုက်တာကြောင့် နေရပ်ပြန်နိုင်ဖို့ဆိုတာ ဝေဝါးနေဆဲဖြစ်ပါတယ်။ စစ်ရှောင်နေကြတဲ့ ရခိုင်ပြန်သူတွေကတော့ ပြန်နိုင်မဲ့နေ့ကို သူတို့ မျှော်လင့်နေကြပါတယ်။

စစ်ရှောင်ထဲမှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ လူကြီး၊ လူလတ်၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မသန်စွမ်းသူတွေ၊ နာတာရှည်ရောဂါခံစားနေသူတွေလည်း ရှိပါတယ်။ စစ်ရှောင် ၅ နှစ်တာ ကာလအတွင်း စစ်ဘေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘဝနိဂုံးချုပ်ခဲ့ရသူတွေလည်း ရှိသလို တချို့လည်း ရွာပုန်းရွာရှောင်အဖြစ် ဆက်ပြီး အသက်ဆက် နေကြတာပါ။ ဒီထက်ကို နိုင်ငံရပ်ခြားအထိ စစ်ရှောင်တဲ့ သူတွေထဲမှာလည်း မြန်မာနိုင်ငံ အခြေအနေ ပြန်ကောင်းလာမဲ့ နေ့ကို စောင့်ဆိုင်းရင်း ပြန်တော်မဝင်နိုင်တော့ဘဲ ရေခြား၊ မြေခြား နိုင်ငံရပ်ခြားမှာပဲ ခေါင်းချသွားတဲ့ သူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ရှင်ရေးထက် သေရေးကို ပိုပြင်ဆင်လာ

မြန်မာစစ်တပ်က ကုန်းကြောင်း၊ ရေကြောင်း ထိုးစစ်ဆင် လေကြောင်းသုံး ဗုံးကြဲတာတွေအပါအဝင် တရွာဝင် တရွာထွက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာ အချိန်ကာလအားဖြင့် ၅ နှစ်အလွန် ရှိလာပါပြီ။  စစ်ရှိန်ကတော့ အတောမတတ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသအပါအဝင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသ အားလုံးနီးနီးမှာ စစ်မီးက တဟုန်းဟုန်းတောက်နေဆဲပါ။ စစ်ပွဲတွေက ဖြစ်နေဆဲ၊ လေကြောင်းအသုံးပြုတာတွေက ပိုတောင် စိပ်လာနေပါတယ်။ မြန်မာစစ်တပ်ဘက် တပ်ရင်းလိုက် အထိနာနေတဲ့ ရခိုင်ပြည်နယ်မှာတော့ လေကြောင်းကနေ ဗုံးကြဲတာက နေရာတိုင်းမှာ နေ့တိုင်းလိုလို ရှိနေတာပါ။ အဲဒီအရပ်က ပြည်သူတွေဟာ မြေပြင်က စစ်ပွဲထက် လေကြောင်းရန်ကို ပိုခံစားနေကြရတာပါ။

အဲဒီအကျိုးဆက်က သက်ကြီးအရွယ်အို အမျိုးသမီးအများစုဟာ ဘယ်နေ့ ဘယ်ပုံစံနဲ့ သေရမလဲ ဆိုတာ သူတို့စိတ်ထဲ ဝင်လာပုံရပါတယ်။ ဒါဟာ တနည်းအားဖြင့် ခေတ်ဆိုး စနစ်ဆိုးကပေးတဲ့ စိတ်ပိုင်းဆိုင်ရာ အပူသောကတွေပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းသထက် ကျဆင်းလာရင်း မသိစိတ်က သေမဲ့အရေးကိုပဲ အမြဲတစေ ပူပန်နေကြရတဲ့ အခြေအနေကို ရောက်သွားကြတာလို့ ပြောရ မှာပါ။ ဒီကာလမှာ မရှိမဲ့၊ ရှိမဲ့ ငွေတိုငွေစတွေကို မသုံးရက်၊ စားချင်တာ မစားရက်ဘဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြတဲ့ သူတွေလည်း ရှိပါတယ်။ လိုရ၊ မယ်ရ ဆောင်ထားကြတာတော့ မဟုတ်ပါဘူး။ လျှပ်တပြက် သေသွားခဲ့သော် သင်္ဂြိုဟ်စရိတ် အခေါင်းတလားအတွက်ပဲ ဖြစ်ပါတယ်။ မိသားစု ရှင်ကွဲ ကွဲနေတာတခု ရှင်ရဲ့နဲ့ သေမဲ့အရေး ကြိုစောင့်နေတာ တမျိုး၊ အိမ်မှာ အဲလိုတွေ ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ခံ အမည်မဖော်လိုတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ကျမတို့နေတဲ့ တောင်ကုတ်ကို ဗုံးလာကြဲကတည်းက မိသားစုတွေ ကွဲသွားကြတာလေ။ သားနဲ့ ညီမဆိုရင် ထိုင်းမှာ၊ ဘယ်လိုနေကြလဲ ဘာမှ မသိရပါဘူး။ ကျမတို့ကတော့ စစ်ဖြစ်ပြီဆိုရင် အမေနဲ့ အဖေကရော တောထဲမှာပဲ သွားပုန်းတာ။ ကလေးတွေ ထိုင်းရောက်သွားတယ်ဆိုတာပဲ သိရတယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့ သူတို့က ငယ်သေးတယ်လေ။ ဟိုမှာတော့ ဒီလို မဖြစ်ဘူးပေါ့။ အမေကတော့ သူ့လက်ထဲမှာ ငွေ ၃ သိန်းမှ မရှိရင် မနေတတ်တော့ဘူး။ ဖျားသလိုလို နာသလိုလို ဖြစ်နေတာ။ ပိုက်ဆံလျှော့သွားရင်လည်း ပြန်ပြန်ပြည့်ပေးနေရတယ်။ အဲကျမှ နေလို့ထိုင်လို့ ရတယ်။ သူ့လက်ထဲမှာ ၃ သိန်းရှိမရှိရင် ဘာဖြစ်မှန်းကို မသိဘူး။ သူတခါပြောဖူးတယ်။ မပြောကောင်း ဆိုကောင်း သူ သေလို့ရှိရင် သင်္ဂြိုဟ်ဖို့ ရှိအောင်တဲ့။’’

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီး လက်ရှိ စစ်အာဏာရှင်သမ္မတ ဦးမင်းအောင်လှိုင်တဖြစ်နဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေပေမဲ့ နိုင်ငံအလုံးစုံကတော့ ပျက်သုဉ်းရင်း ပျက်သုဉ်းနေဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် အရိုးစွဲလာခဲ့တဲ့ အာဏာရှင်မျိုးက အာဏာရှင်အရိုးအတိုင်း သွားနေတာပါ။ သွေးပြောင်းသွားတာ မရှိခဲ့သလို သွေးအေးသွားတာလည်း မရှိခဲ့ပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာ အာဏာရှင်က အာဏာရှင်မျိုးရိုး အတိုင်း တစက်မှ အရောင်မပြောင်းနိုင်သလို တဘက်မှာလည်း အာဏာရှင်မျိုး အမြစ်ပါမကျန် မြေလှန်မဲ့ နွေဦးတော်လှန်ရေးနဲ့ အားပြိုင်နေတဲ့အချိန် ဖြစ်ပါတယ်။ နှစ်ဘက်အားပြိုင်မှုဟာ အခုဆိုရင် ၅ နှစ်တာ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ဘက် အကျအဆုံး အထိအခိုက်အပျက်အစီးတွေကြားထဲ ပိတ်မိနေတာက နိုင်ငံနဲ့ ပြည်သူလူထု မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။

ငြိမ်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013