
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အသက်ညှာဆုံး ဆက်ဆံထားတယ်၊ ပြန်လွှတ်ပေးဖို့ကိစ္စက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မူတည်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Times မဂ္ဂဇင်းနဲ့ သီးသန့် အင်တာဗျူးမှာ ပြောဆိုလိုက်တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေါ်မှာပဲ မူတည်တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
“သူကလည်း ဒီလိုအခြေအနေမျိုးမရောက်အောင် ကျနော်တို့လည်း အမျိုးစုံကြိုးစားခဲ့တာပဲ။ သို့သော်လည်း ဒီလိုအခြေအနေမျိုးအထိ ရောက်လာခဲ့တာပေါ့။ သူ့ရဲ့ အသက်အရွယ်အရ ကျနော်တို့ အရေးယူထားရတဲ့ဟာတွေ ရှိပါတယ်။ သူ့ကို အရေးယူထားတာလည်း ပြစ်မှုပိုင်းဆိုင်ရာ အရေးယူခဲ့တာဖြစ်ပါတယ်။ တကယ်လည်းပေါ်လွင်ပါတယ်၊ သူရဲ့ ပထမဆုံး စခဲ့တဲ့ ပြဿနာက ရွေးကောက်ပွဲမှာ အနိုင်ရအောင် မတရားတဲ့နည်းနဲ့ ကြိုးစားခဲ့တဲ့ဟာပေါ့။ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်ပါတယ်၊ ဒီမိုကရေစီမှာ အထွေထွေရွေးကောက်ပွဲသည် အသက်ပါပဲ။ အဲဒီရွေးကောက်ပွဲမှာ မတရားသဖြင့် လုပ်ခဲ့တဲ့ဟာပေါ့၊ ကျနော်တို့ ၂၀၂၁ ခုနှစ် ကျနော် တာဝန်ယူတဲ့အချိန်မှာ ဒါတွေ စစ်ဆေးတွေ့ရှိချက်တွေ ကျနော်တို့ ဝက်ဘ်ဆိုက်မှာလည်း တင်ထားပါတယ်။ မဲမသမာမှု ၃၀ ရာခိုင်နှုန်းတောင် ဖြစ်ခဲ့တာ တကယ်ဆိုးဝါးတယ်၊ တိုင်းပြည်လည်း တော်တော်ကို မကောင်းတဲ့အခြေအနေ ဆိုးဝါးတဲ့ ပြဿနာတွေ ဖန်တီးပေးတာပေါ့လေ၊ ဒီမိုကရေစီမှာတော့ ရုပ်အပျက်ဆုံး ရွေးကောက်ပွဲတခု ဖြစ်ခဲ့တာပေါ့၊ ဒါကြောင့် ကျနော်တို့ကလည်း သူ့ကို အရေးယူခဲ့တာရှိတယ်၊ အဲမှာမှ ထပ်ပြီးပေါ်လာတာက အဂတိမှုတွေပေါ့၊ တကယ်တော့ အရေးယူမယ်ဆိုရင်တော့ တခြားအများကြီးရှိပါသေးတယ်၊ ကျနော်တို့ ဖြတ်ချလိုက်ပြီးတော့ ဒီလောက်လေး အရေးယူခဲ့တာပေါ့၊ သူ့ရဲ့ အသက်အရွယ်အရ ကျနော် လုပ်နိုင်တဲ့ အခွင့်အာဏာအတွင်းကနေ ကျနော်လျှော့ပေးလိုက်တာ၊ ဒါပေမဲ့ ကျနော်တို့ အနာဂတ်ကို ကြိုမမြင်နိုင်ဘူး၊ သူ့ရဲ့ လုပ်ဆောင်ချက် အပေါ်မူတည်ပြီးတော့ လျှော့ပေါ့ စဉ်းစားရမဲ့ အချက်တွေ ပေါ်လာလို့ရှိရင် စဉ်းစားမှာပေါ့၊ ဒါလည်း သူမအပေါ် မူတည်မယ်လို့ ပြောချင်ပါတယ်။ နောက်တခုက သူ့ကိုလည်း ကျနော် ကောင်းကောင်းထားပါတယ်။ မကြာ သေးခင်က ICRC ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးလိုက်တယ်။ ဓာတ်ပုံတွေထုတ်ပေးလိုက်တယ်။ အိမ်မှာ စနစ်တကျထားပါတယ်။ အကျဉ်းထောင်နဲ့ မထားဘူး၊ သူ့ရဲ့ သက်သောင့်သက်သာနေရတဲ့ ပြစ်ဒဏ်မျိုးချထားတာဖြစ်ပါတယ်။ ကျနော် အများကြီး သက်ညှာပါတယ် သူ့အပေါ်မှာ။”
စစ်ခေါင်းဆောင်က ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို သက်သေ အထောက်အထားမပြနိုင်တဲ့ အဂတိလိုက်စားမှု အပါအဝင် စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ် ချမှတ်ထားတာပါ။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာလည်း တိုင်းရင်းသားတွေရော လူငယ်တွေရောမှာ ပညာရေးအားနည်းချက် ရှိတယ်၊ ပညာရေးအားနည်းချက်ကို အသုံးချပြီး နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တချို့က စည်းရုံးသိမ်းသွင်း ခေါ်ဆောင်တာကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ပါလာကြတာဖြစ်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ထိခိုက်နစ်နာမှုရှိတယ်လို့ စစ်အာဏာရှင်က ဝန်ခံပြောကြားလိုက်ပြီး အထူးသဖြင့် ဘဏ်လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ သုံးဖို့အတွက် အလုပ်အကိုင်အခွင့်လမ်းတွေနဲ့ ပြည်ပကနေ လိုချင်တဲ့ပစ္စည်းတွေ ဝယ်ရတာ ခက်ခဲမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကလည်း ဒီမိုကရေစီနိုင်ငံ၊ အမေရိကန်ကလည်း ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်၊ ဒီမိုကရေစီအတွက် တည်ငြိမ်းအေးချမ်း ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေတဲ့ ဝေဖန်တိုက်ခိုက်မှုတွေ မလုပ်ဖို့နဲ့ အကြမ်းဖက်မှုတိုက်ခိုက်မှုတွေ မဖြစ်စေရေး တားဆီးပေးဖို့၊ စီးပွားရေးအရ ကန့်သတ်ထားတာတွေကို လျှော့ပေါ့စဉ်းစားပေးဖို့ တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေ အပေါ်မှာ ဘာတခုမှ လုပ်တာမရှိဘူး စိတ်ရှင်းတယ်၊ တိုင်းပြည် အချုပ်အချာအာဏာပိုင်ဆိုင်မှုနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ကာကွယ်တာပဲရှိတယ်လို့ ပြောပါတယ်။
စစ်အာဏာရှင်နဲ့ တွေ့ဆုံမေးမြန်းချက်နဲ့ပတ်သက်ပြီး Time မဂ္ဂဇင်းနဲ့ သတင်းထောက် ချာလီ ကမ်းဘဲလ်ရဲ့ ရေးသားချက်တွေဟာ မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်း မရှိတဲ့အတွက် ပြစ်တင်ရှုတ်ချတယ်လို့ စစ်အာဏာရှင် သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။
Time မဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုက်မှာ “အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် မြန်မာ့အာဏာရှင် လိုလားနေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာ ၂၃ ရက်က သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့တဲ့အပေါ် စစ်အာဏာရှင်ဘက်က မကျေမနပ် တုံ့ပြန်ကြေညာလိုက်တာပါ။
အဆိုပါ ဒီတွေ့ဆုံမေးမြန်းချက်နဲ့ ပတ်သက်ပြီး ရုပ်သံအပြည့်အစုံကို စစ်အာဏာရှင် ပြောရေးဆိုခွင့်ရှိသူရဲ့ တယ်လီဂရမ်တွေမှာလည်း ထုတ်ပြန်ထားပါတယ်။











