
ဧရာဝတီတိုင်း၊ ပုသိမ်ရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ရေလုပ်သား ၄ ယောက်ကို စစ်အာဏာရှင်တပ်က PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၃ ရက်က ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာအနီး ပင်လယ်ကမ်းစပ်ရှိ ငါးဖမ်းလှေတစီးပေါ်က လှေလုပ်သား ၄ ယောက်ကို PDF လို့ စွပ်စွဲပြီး စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူက “အဖမ်းခံရသူတွေက ကံချိုင်ရွာသားတွေပါ။ စက်လှေနဲ့ ကမ်းကပ်ချိန် အဖမ်းခံရတာ။ စွပ်စွဲဖမ်းခံရတာ။ PDF မဟုတ်ပါဘူး” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၄ ယောက်ဟာ အသက် ၂၂ နှစ် အရွယ် မောင်လင်းခိုင်၊ အသက် ၃၀ ကျော်အရွယ် ကိုဇော်ကိုနဲ့ ကိုလင်းလင်း၊ အသက် ၄၀ ကျော်အရွယ် ဦးမင်းမင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဟိုင်းကြီးကျွန်းမြို့မှာ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေပြီး လူငယ်အမျိုးသားတွေကို စစ်မှုထမ်းအစား ငွေကြေးယူပြီး အစားထိုးပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











